
အာမိုရင်က သူ့ကို တောင်ပံမှာ ကစားခိုင်းနေကြောင်း ပြောကြားလာတဲ့ မက်ဂွါရီ
မန်ချက်စတာယူနိုက်တက် ဗဟိုခံစစ်မှူး ဟယ်ရီမက်ဂွါရီက အသင်းနည်းပြရူဘင်အာမိုရင်ဟာ သူ့ကို နေ့စဉ်နေ့တိုင်း လေ့ကျင့်ရေးအစီအစဉ်မှာ လိမ်ခေါက်ကျော်ဖြတ်နည်းတွေ လေ့ကျင့်ခိုင်းနေပြီး တောင်ပံကစားသမားတစ်ယောက်အဖြစ် ပုံစံပြောင်းလဲနေကြောင်း ပြောကြားလာခဲ့ပါတယ်။
မက်ဂွါရီဟာ ဒီရာသီယူရိုပါလိဂ်ပြိုင်ပွဲမှာ ယူနိုက်တက်အတွက် နောက်ခံကစားသမားအဖြစ် အဓိက ပါဝင်ထားခြင်းမရှိဘဲ တိုက်စစ်မှာသာ အဓိက နေရာယူနေတာဖြစ်ပါတယ်။ အင်္ဂလန်လက်ရွေးစင်ဟာ လိုင်ယွန်ကိုအနိုင်ရခဲ့တဲ့ ကွာတားဖိုင်နယ်ဒုတိယအကျော့ပွဲစဉ်မှာ အသင်းအတွက်အရေးပါတဲ့ အနိုင်ဂိုးကို နောက်ဆုံးမိနစ်မှာ ခေါင်းတိုက်သွင်းယူပေးခဲ့သလို၊ ဘီလ်ဘာအိုကိုအနိုင်ရခဲ့တဲ့ ဆီမီးဖိုင်နယ်ပထမအကျော့ပွဲစဉ်မှာလည်း တောင်ပံမှတစ်ဆင့် ဂိုးဖန်တီးမှု ပြုလုပ်နိုင်ခဲ့ပါတယ်။
ဒါကြောင့် နည်းပြရူဘင်အာမိုရင်အနေနဲ့ မက်ဂွါရီကို နောက်ခံလူတစ်ယောက်ထက် တိုက်စစ်ပိုင်းမှာ အသုံးချနိုင်ဖို့အတွက်သာ ပိုမိုစိတ်အားထက်သန်နေပုံရပါတယ်။ ယခုအခါ တော့တင်ဟမ်နဲ့ယှဉ်ပြိုင်သွားရမယ့် ယူရိုပါလိဂ်ဗိုလ်လုပွဲစဉ်မတိုင်မီမှာ မက်ဂွါရီက လိုအပ်ပါက သူ့အနေနဲ့ အသင်းအတွက် တိုက်စစ်ကစားသမားတစ်ယောက်အဖြစ် တာဝန်ထမ်းဆောင်ဖို့ အသင့်ရှိနေကြောင်း ပြောကြားလာခဲ့ပါတယ်။
မက်ဂွါရီက "နေ့တိုင်း လေ့ကျင့်ရေးအစီအစဉ်တွေမှာ မန်နေဂျာက ကျွန်တော့်ကို တောင်ပံမှာ ရှေ့နောက် ပြေးခိုင်းပြီး တောင်ပံကစားသမားတစ်ယောက်ရဲ့ လေ့ကျင့်ရေးတွေကို ပြုလုပ်ခိုင်းပါတယ်။ ဘီလ်ဘာအိုနဲ့ပွဲမှာ ကျွန်တော် ကိုယ့်ကိုယ်ကိုယ်တောင်ပံကစားသမားတစ်ယောက်ဖြစ်တယ်လို့ စိတ်ထဲမှာထင်ခဲ့ပြီး ကတ်စ်မဲရိုးအတွက် ဖြတ်တင်ဘော ပေးပို့နိုင်ခဲ့ပါတယ်။ ပွဲရဲ့နောက်ပိုင်းအချိန်တွေမှာလည်း ကျွန်တော် တိုက်စစ်ပိုင်းမှာ ကစားခဲ့ပါတယ်"
"မနက်ဖြန် တော့တင်ဟမ်နဲ့ပွဲမှာတော့ ကျွန်တော် တိုက်စစ်ကစားသမားတစ်ယောက်အဖြစ် ပွဲမထွက်လာချင်ပါဘူး။ ပွဲတစ်ပွဲကို တိုက်စစ်ကစားသမားတစ်ယောက်အနေနဲ့ မစတင်ချင်ပါဘူး။ ခံစစ်မှာပဲ ခုခံကစားချင်ပါတယ်။ ဒါပေမယ့် အသင်းကလိုအပ်ရင်တော့ နေရာပြောင်းပြီး ကစားသွားမှာပါ။ ပုံမှန်ဆိုရင်တော့ ကျွန်တော်က နောက်တန်းမှာပဲ ကစားရတာပိုကြိုက်ပါတယ်" လို့ပြောကြားခဲ့ပါတယ်။
လာမယ့် ကြာသပတေးနေ့နံနက်မှာတော့ ယူနိုက်တက်ဟာ ယူရိုပါလိဂ်ဗိုလ်လုပွဲစဉ်အဖြစ် တော့တင်ဟမ်နဲ့ ယှဉ်ပြိုင်သွားရမှာဖြစ်ပြီး ဒဏ်ရာမှပြန်လာနိုင်ခဲ့တဲ့ ဇက်ခ်ဇီ၊ ယိုရိုနဲ့ ဒါလော့တို့ကို အဆိုပါပွဲစဉ်မှာ အသုံးပြုသွားနိုင်မှာဖြစ်လို့ တောင့်တင်းတဲ့ ကစားသမားအင်အားနဲ့အတူ ဘီလ်ဘာအိုမှာ အောင်ပွဲခံသွားနိုင်မလား စောင့်ကြည့်ရပါမယ်။