
နီကိုဝီလီယမ် ဘာကြောင့်ဘာစီလိုနာသို့မပြောင်းခဲ့တာလဲ ရှင်းပြလာတဲ့ ကူကူရယ်လာ
ချဲလ်ဆီးနောက်ခံကြယ်ပွင့် မာ့ခ်ကူကူရယ်လာက သူ့ရဲ့စပိန်လက်ရွေးစင်အသင်းဖော် ဘီလ်ဘာအိုကြယ်ပွင့် နီကိုဝီလီယမ်အနေနဲ့ ဘာကြောင့် ဘာစီလိုနာသို့ပြောင်းရွှေ့နိုင်မယ့်အခွင့်အရေးကို ငြင်းပယ်ခဲ့သလဲဆိုတာ ရှင်းပြလာခဲ့ပါတယ်။ ဘာစီလိုနာဟာ ဝီလီယမ်ကိုခေါ်ယူဖို့ ကာလရှည်ချိတ်ဆက်နေခဲ့တာဖြစ်ပြီး ယခုနွေရာသီမှာ ခေါ်ယူနိုင်ဖို့ အလွန်နီးစပ်ခဲ့ပေမယ့် ကစားသမားဟာ ဘီလ်ဘာအိုနဲ့ပဲ ဆက်လက် လက်တွဲဖို့ဆုံးဖြတ်ခဲ့ပါတယ်။ ယခုအခါမှာတော့ ကူကူရယ်လာက ဝီလီယမ်တစ်ယောက် ဘာစီလိုနာသို့မပြောင်းရွှေ့ခဲ့ခြင်းမှာ ကစားသမားမှတ်ပုံတင်ခွင့် မရမှာစိုးရိမ်လို့ဖြစ်တယ်လို့ ပြောကြားလာခဲ့ပါတယ်။
ဘာစီလိုနာကစားသမားဟောင်းက "ကျွန်တော်ထင်တာတော့ သူ(နီကိုဝီလီယမ်) ဘာစီလိုနာကိုမပြောင်းတာ ကစားသမားမှတ်ပုံတင်ခွင့်မရမှာစိုးရိမ်လို့ဖြစ်ပါလိမ့်မယ်" လို့ပြောကြားခဲ့ပါတယ်။ ဆက်လက်ပြီး ဘာစီလိုနာက သူ့ကိုကမ်းလှမ်းမှုပြုလုပ်လာခဲ့ရင် ပြောင်းရွှေ့မှာလားဆိုတဲ့မေးခွန်းကို ကူကူရယ်လာက "ကျွန်တော့်ကို ဘာစီလိုနာက ကမ်းလှမ်းလာခဲ့ရင်လား။ ကျွန်တော်မပြောတတ်ပါဘူး။ တကယ်လို့ သူတို့ ကျွန်တော့်ကို မှတ်ပုံတင်မပြုလုပ်ပေးနိုင်ရင် ကျွန်တော် ဘာဆက်လုပ်ရမလဲ။ တကယ်လို့ သူတို့က ကစားသမားမှတ်ပုံတင်ရအောင်လုပ်ပေးမယ်လို့ ကတိပေးရင်တောင် ကျွန်တော်ကတော့ ဒီခေတ်ကြီးထဲမှာ ဘယ်သူ့ကိုမှမယုံပါဘူး" လို့ပြောကြားခဲ့ပါတယ်။
ဘာစီလိုနာဟာ ယခုနွေရာသီအတွင်း ဂျိုအန်ဂါစီယာ၊ ရူနီဘာ့ဂ်ဂျီနဲ့ မားကပ်စ်ရက်ရှ်ဖို့ဒ်တို့ကို ခေါ်ယူအားဖြည့်ထားပြီးဖြစ်ပေမယ့် အဆိုပါကစားသမား ၃ ဦးစလုံးကို မှတ်ပုံတင်စာရင်းသွင်းနိုင်ဖို့ ကြိုးစားနေရဆဲဖြစ်ပါတယ်။