ပေါင်ခြောက်သိန်းကျော် တန်ကြေးရှိ မော်ဒယ်လ်မြင့်ဇိမ်ခံကား အမြောက်အများကို ပိုင်ဆိုင်ထားတဲ့ ဟာဇက်
အသက်-၃၂ နှစ်အရွယ် ဟာဇက်က ရီးရဲလ်မက်ဒရစ်နဲ့ စာချုပ်သက်တမ်း ကုန်ဆုံးပြီးနောက် အလွတ်ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူနိုင်တဲ့ ကလပ်အသင်းမဲ့ကစားသမားဖြစ်လာခဲ့ပါတယ်။
၂၀၁၉ ခုနှစ်မှာ ဘယ်လ်ဂျီယံစတားက ချဲလ်ဆီးမှ ဘာနေဗျူးဆီ ပြောင်းရွှေ့ဖို့ လန်ဒန်မြေမှထွက်ခွာလာကာ စပိန်ဘီလူးကြီးနဲ့ သီတင်းတစ်ပတ်လုပ်ခ ပေါင် လေးသိန်းကျော်တန်ကြေးရှိ စာချုပ်တစ်ရပ် ချုပ်ဆိုခဲ့ပါတယ်။ ဒါပေမယ့် ပရီးမီးယားလိဂ်မှာ ပြသခဲ့တဲ့ စွမ်းဆောင်ရည်မျိုးကို လာလီဂါဆီ သယ်ဆောင်လာနိုင်ဖို့ ပျက်ကွက်ခဲ့ပါတယ်။ လက်ရှိမှာတော့ ဟာဇက်က ဆော်ဒီပရိုလိဂ်(သို့မဟုတ်) အမေရိကန်မေဂျာလိဂ်ဆီ ပြောင်းရွှေ့တော့မယ်လို့ ထင်ကြေးတွေ ပေးနေကြပါတယ်။
ပြီးခဲ့တဲ့သီတင်းပတ်တွေအတွင်း စတမ်းဖို့ဒ်ဘရစ်ချ်မှာ လီဗာပူးနဲ့ရင်ဆိုင်ရတဲ့ ချဲလ်ဆီးအသင်းရဲ့ပွဲစဉ်ကို ဟာဇက် တက်ရောက်ကြည့်ရှုအားပေးခဲ့ပါတယ်။ ဒါပေမယ့် အနောက်လန်ဒန်ကလပ်နဲ့ ဟာဇက်တို့အကြား ပြန်လည်ပူးပေါင်းမယ့် သတင်းမျိုးတော့ မထွက်ပေါ်လာခဲ့ပါဘူး။ တချိန်တည်းမှာပဲ ဟာဇက်က နှစ်ပေါင်းများစွာကြာ စုဆောင်းလာတဲ့ သူ့ရဲ့ အထင်ကြီးလောက်စရာ မော်တော်ကားစုဆောင်းမှုကို ခံစားနိုင်ပါတော့မယ်။
ပြီးခဲ့တဲ့ဆယ်စုနှစ်အတွင်း ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားတွေအနက် တစ်ဦးဖြစ်တဲ့ ဟာဇက်ရဲ့ ကားဂိုဒေါင်ထဲမှာ အံ့အားသင့်ဖွယ် မော်ဒယ်မြင့်ကားတွေနဲ့ ပြည့်နှက်နေလိမ့်မယ်လို့ စိတ်ကူးကြည့်နိုင်ပါတယ်။ လွန်ခဲ့တဲ့နှစ်တွေအတွင်း ဟာဇက်က Mercedes Benz AMG GTR ၊ Audi R8 V10 ၊ BMW X6 ၊ Audi RS4 Avant ၊ Range Rover ၊ Aston Martin Vanquish နဲ့ Mercedes C Class တို့လို မော်ဒယ်မြင့်ကားတွေကို မောင်းနှင်စီးနင်းကာ ခရီးထွက်ခဲ့ဖူးပါတယ်။
ဒီလိုတစုတဝေးတည်းရှိနေတဲ့ မော်တော်ကားတွေရဲ့ စုစုပေါင်းတန်ဖိုးက ဘယ်လောက်ဖြစ်နိုင်မလဲ?
Audi R8 V10
---------------
တစ်နာရီ ၂၀၅ မိုင်အထိ အမြင့်ဆုံးမြန်နှုန်းရောက်ရှိအောင် စွမ်းဆောင်နိုင်တဲ့ ဒီမော်တော်ကားက ဟာဇက်ကို မက်ဒရစ်လေ့ကျင့်ရေးကွင်းဆီ ဘယ်တော့မှ နောက်ကျစေမှာ မဟုတ်ပါဘူး။ ဒီမော်တော်ကားအမျိုးအစားကို ဟာဇက်အပြင် ဘရာဇီးစတားနေမာလည်း ပိုင်ဆိုင်ထားပြီး တန်ဖိုးအားဖြင့် ပေါင် ၁၁၀,၀၀၀ ဝန်းကျင် ရှိပါတယ်။
BMW X6
----------
စတိုင်ကျလှပပြီး ယုံကြည်စိတ်ချရတဲ့ SUV အမျိုးအစား အခုမော်တော်ကားကို ဂန္တဝင်ကစားသမားက ပွဲနေ့တွေမှာ မကြာခဏဆိုသလို ယူဆောင်လာလေ့ ရှိပါတယ်။ ကျယ်ဝန်းတဲ့ အတွင်းပိုင်းဒီဇိုင်းတွေကြောင့် ဟာဇက်အတွက် ဇနီးသည်အပြင် ရင်သွေးလေးယောက်နဲ့ပါ တစ်နေ့တာခရီးစဉ်တွေ အလည်အပတ်ထွက်ခွာလို့ ရပါတယ်။ BMW X6 ကတော့ ပေါင် ၆၀၀၀၀ မှစတင်ကာ ဈေးကွက်တွင်း ရောင်းချပေးပါတယ်။
Audi RS4 Avant
-------------------
ပေါင် ၆၀,၂၉၀ တန်ကြေးရှိ ဒီမော်တော်ကားကို ရီးရဲလ်မက်ဒရစ်၊ ဘာစီလိုနာတို့လို စပိန်ထိပ်သီးကလပ်အသင်းတွေရဲ့ ကစားသမားတွေအပါအဝင် ဘောလုံးသမားတွေရဲ့နှုတ်ဖျားမှာ ရေပန်းစားလေ့ရှိပါတယ်။ ဟာဇက်ကလည်း Audi အမှတ်တံဆိပ်ကို ကြိုက်နှစ်သက်ပါတယ်။
Range Rover Sport
------------------------
Range Rover တစ်စီးလောက်တော့ ဘောလုံးသမားတိုင်းပိုင်ဆိုင်သင့်သလို အများစုကလည်း ဒီကားအမျိုးအစားကို ဝယ်ယူထားကြပါတယ်။ လေ့ကျင့်ရေးပြီးချိန်တိုင်း ခြေဆန့်လက်ဆန့်နဲ့ သက်သောင့်သက်သာစီးနင်းနိုင်တဲ့ Sport Type အမျိုးအစားဖြစ်တာကြောင့် အရပ် ၅ ပေ၊ ၈ လက်မရှိ ဟာဇက်ရဲ့ဦးစားပေးမော်တော်ကားတစ်စီးလည်း ဖြစ်ပါတယ်။ ဒီမော်တော်ကားအမျိုးအစားကို အနိမ့်ဆုံးပေါင် ၆၀,၇၆၀ မှစတင်ကာ ဈေးကွက်အတွင်း ဖြန့်ချိရောင်းချခဲ့ပါတယ်။
Aston Martin Vanquish
---------------------------
ဂန္တဝင်မြောက် အထက်တန်းကျလှပတဲ့ ဒီမော်တော်ကားအမျိုးအစားကတော့ ဟာဇက်ပိုင်ဆိုင်တဲ့ကားစာရင်းမှာ ဈေးအကြီးဆုံးဖြစ်ပါတယ်။ ဂျိမ်းစ်ဘွန်းမင်းသား ဒန်နီရယ်ခရိတ်လည်း အကန့်အသတ်ဖြင့်ထုတ်ဝေတဲ့ Aston Martin Vanquish မော်တော်ကားအမျိုးအစားကို ပိုင်ဆိုင်ခဲ့ဖူးပါတယ်။ ဒီကားကိုတော့ လေလံပွဲတစ်ခုမှာ ပေါင် ၃၄၄,၀၀၀ ဖြင့် ဈေးအောင်ခဲ့ပါတယ်။ Aston Martin Vanquish မော်တော်ကားရဲ့ မူရင်းဈေးနှုန်းကတော့ ပေါင် ၁၉၉,၉၅၀ နှင့်အထက် ဖြစ်ပါတယ်။
Mercedes C-Class
---------------------
ဂျာမန်ကုမ္ပဏီ Mercedes က C-Class ဇိမ်ခံမော်တော်ကားအမျိုးအစားကို ၁၉၉၃ ခုနှစ်မှာ ဈေးကွက်အတွင်း စတင်ဖြန့်ချိရောင်းချခဲ့ပါတယ်။ ဒီကားအမျိုးအစားက ၂၀၁၂ ခုနှစ်အတွင်း လိုင်လီမှ ချဲလ်ဆီးဆီ ပြောင်းရွှေ့လာတဲ့ ဟာဇက်ရဲ့ ဦးဆုံးပိုင်ဆိုင်တဲ့ ကားတွေအနက် တစ်စီးလည်း ဖြစ်ပါတယ်။ ဘာတွေပဲပြောပြော အဲ့ဒီကတည်းက ဟာဇက်က ဒီကားနဲ့ပဲ လှုပ်ရှားသွားလာခဲ့တာပါ။ Mercedes C-Class အမျိုးအစား ဇိမ်ခံမော်တော်ကားကို ပေါင် ၃၂,၂၆၀ မှစတင်ကာ ဈေးကွက်ဆီ တင်ပို့ပါတယ်။
Mercedes Benz AMG GTR
------------------------------
နောက်ဆုံးအနေဖြင့် ဟာဇက်ပိုင်ဆိုင်တဲ့ မော်တော်ကားစာရင်းမှာ ပါဝင်လာကာ အကောင်းဆုံးဖြစ်နိုင်တဲ့အရာကတော့ Mercedes Benz AMG GTR ပဲ ဖြစ်ပါတယ်။ ဟာဇက်ပိုင်ဆိုင်ထားတဲ့ GTR ကတော့ မြင်းကောင်ရေ ၄၃၀ kW ရှိပြီး အမြင့်ဆုံးအမြန်နှုန်း တစ်နာရီ ၁၉၇ မိုင်နီးပါး ရှိပါတယ်။ အက်စတွန်ဗီလာနဲ့ မန်စီးတီးကြယ်ပွင့်ဟောင်း ဂါရတ်ဘယ်ရီလည်း ဒီကားအမျိုးအစားကို တစ်ကြိမ်တော့ ပိုင်ဆိုင်ခဲ့ဖူးပါတယ်။ Mercedes Benz AMG GTR ရဲ့ဈေးကွက်တန်ဖိုးကတော့ ပေါင် ၉၉,၂၄၅ နှင့်အထက် ဖြစ်ပါတယ်။ ဒီစာရင်းအတိုင်း တွက်ကြည့်လိုက်မယ်ဆိုရင်တော့ ဟာဇက်ပိုင်ဆိုင်ထားတဲ့ မော်တော်ကားတွေရဲ့ တန်ဖိုးက ၆၂၂,၅၀၅ ပေါင်အထိ ရှိပါတယ်။