
ဘာစီလိုနာသို့ နေမာပြန်လာနိုင်ချေနဲ့ပတ်သက်ပြီး တုံ့ပြန်ပြောကြားလာတဲ့ ဟန်ဆီဖလစ်
ဘာစီလိုနာနည်းပြ ဟန်ဆီဖလစ်က အသင်းသို့ ကလပ်ကြယ်ပွင့်ဟောင်း နေမာဂျူနီယာ ပြန်လာနိုင်ချေနဲ့ပတ်သက်တဲ့ မေးခွန်းတွေကို တုံ့ပြန်ပြောဆိုမှုတွေ ပြုလုပ်ခဲ့ပါတယ်။ ချန်ပီယံလိဂ်ရှုံးထွက် ၁၆ သင်းအဆင့်သို့ တိုက်ရိုက်တက်ရောက်ထားနိုင်တဲ့ ဘာစီလိုနာဟာ ဘင်ဖီကာကို ပထမအကျော့ အဝေးကွင်းမှာသွားရောက်ရင်ဆိုင်ရမှာဖြစ်ပါတယ်။ ဘာစီလိုနာနဲ့ ဘင်ဖီကာတို့ဟာ အုပ်စုအဆင့်မှာလည်း ထိပ်တိုက်တွေ့ဆုံခဲ့ကြပြီး ၄-၅ ဆိုတဲ့ရလဒ်နဲ့ ဘာစီလိုနာက အနိုင်ရထားခဲ့တာဖြစ်ပါတယ်။
ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ ဟန်ဆီဖလစ်က "ကျွန်တော်တို့ ဒုတိယအကျော့ရှိတာကို သိထားရပါမယ်။ ဘင်ဖီကာက ဒီပြိုင်ပွဲရဲ့အကောင်းဆုံးအသင်းတွေထဲကတစ်သင်းပါ။ သူတို့ရဲ့ကစားပုံကအရမ်းကောင်းပါတယ်။ သူတို့က ဒီပွဲကို သူတို့နည်းသူတို့ဟန်နဲ့ ချဉ်းကပ်လာမှာဖြစ်သလို၊ ကျွန်တော်တို့ကလည်း ဒီအတိုင်းပါပဲ။ မနက်ဖြန်မှာ ဘာတွေဖြစ်လာမလဲ စောင့်ကြည့်ကြတာပေါ့။ ပြီးခဲ့တဲ့ပွဲကထက် ပိုကောင်းတဲ့စတင်မှုမျိုး မြင်တွေ့ရဖို့မျှော်လင့်ပါတယ်။ ခက်ခဲတဲ့ပွဲဖြစ်လာမှာတော့ အသေအချာပါပဲ" လို့ပြောကြားခဲ့ပါတယ်။
ယခုနှစ်ရာသီချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဘာစီလိုနာဟာ ဗိုလ်စွဲဖို့ရေပန်းအစားဆုံးအသင်းတွေထဲမှာပါဝင်နေပြီး ၂၀၁၅ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ဆုဖလားကို ဆွတ်ခူးနိုင်ဖို့ ကြိုးပမ်းသွားရမှာဖြစ်ပါတယ်။ သို့သော်လည်း ဟန်ဆီဖလစ်ကတော့ သူ့အနေနဲ့ ဆုဖလားထက် လက်ရှိအချိန်ကိုပဲ အာရုံစိုက်ထားတယ်လို့ ပြောကြားခဲ့ပါတယ်။
ဖလစ်က "ကျွန်တော်ကလာမယ့်ပွဲစဉ်အတွက်ပဲ အမြဲတမ်းအာရုံစိုက်ထားလေ့ရှိပါတယ်။ အခုဘင်ဖီကာနဲ့ပွဲအတွက်ပဲ အာရုံရှိပါတယ်။ ဒီပွဲအကြောင်းထက်ပိုပြီး အခြားအရာကို မပြောသင့်ဘူးလို့ထင်ပါတယ်။ ၀-၀ ဆိုတဲ့ရလဒ်နဲ့ပွဲကိုစတင်သွားမှာဖြစ်ပြီး ပြိုင်ဘက်ကလည်း ကျွန်တော်တို့ကို အနိုင်ယူဖို့ကြိုးစားလာမှာပါ" လို့ပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီး ဘာစီလိုနာသို့ ကြယ်ပွင့်ကစားသမားဟောင်း နေမာပြန်လာနိုင်ချေနဲ့ပတ်သက်ပြီး မေးမြန်းမှုပြုလုပ်ခဲ့ရာမှာ ဖလစ်က "ဒါက ကျွန်တော့်အလုပ်မဟုတ်ပါဘူး။ကျွန်တော်က အသင်းနဲ့ လက်ရှိရာသီအပေါ်မှာပဲ အာရုံစိုက်ထားပါတယ်။ ပြိုင်ပွဲတွေအပေါ်မှာပဲ အာရုံစိုက်ဖို့လိုပါတယ်။ ကစားသမားခေါ်ယူတဲ့ကိစ္စတွေက ကလပ်က အခြားသူတွေရဲ့အလုပ်ပါ။ ကျွန်တော်နဲ့မဆိုင်ပါဘူး" လို့ပြောကြားခဲ့ပါတယ်။