
တန်ဟက်က သူ့ကိုအများကြီးကူညီခဲ့တယ်လို့ ဖွင့်ဟပြောကြားလာတဲ့ အန်တိုနီ
မန်ချက်စတာယူနိုက်တက်မှ ရီးရဲလ်ဘက်တစ်သို့ အငှားစာချုပ်နဲ့ သွားရောက်ကစားနေတဲ့ တောင်ပံကစားသမား အန်တိုနီက အိုးလ်ထရက်ဖို့ဒ်မှာရှိစဉ်က သူ့ကို ယူနိုက်တက်နည်းပြဟောင်းအဲရစ်တန်ဟက်က အကူအညီအများအပြားပေးခဲ့ကြောင်း ဖွင့်ဟပြောကြားလာခဲ့ပါတယ်။
အန်တိုနီဟာ ၂၀၂၂ ခုနှစ်မှာ တန်ဟက်ရဲ့ခေါ်ယူမှုကြောင့် အေဂျက်စ်မှ အိုးလ်ထရက်ဖို့ဒ်သို့ ပြောင်းရွှေ့လာခဲ့သူဖြစ်ပါတယ်။ ဘရာဇီးသားဟာ တန်ဟက်ရဲ့လက်အောက်မှာ ၂ နှစ်ကြာနေထိုင်ခဲ့ပေမယ့် ခြေစွမ်းပြသဖို့ရုန်းကန်ခဲ့ရပြီး သွင်းဂိုးနဲ့ ဂိုးဖန်တီးမှုတွေလည်း အများအပြားပြုလုပ်နိုင်ခဲ့ခြင်းမရှိပါဘူး။
ယူနိုက်တက်သို့ နည်းပြသစ် ရူဘင်အာမိုရင်ရောက်ရှိပြီး ၃ လအကြာမှာတော့ အန်တိုနီဟာ အသင်းကနေထွက်ခွာဖို့ဆုံးဖြတ်ခဲ့ပြီး စပိန်မြေသို့ ပြောင်းရွှေ့သွားခဲ့တာဖြစ်ပါတယ်။ ယခုအခါမှာ အန်တိုနီက “အဲရစ်တန်ဟက်က ကျွန်တော့်အတွက်ကျေးဇူးရှင်နည်းပြပါ။ နယ်သာလန်မှာကတည်းက ကျွန်တော့်ကို အများကြီးကူညီပေးခဲ့ပါတယ်။ ပြီးတော့ အင်္ဂလန်မှာလည်း အတူတူပါပဲ။ အခွင့်အရေးတွေက ကျွန်တော်မျှော်လင့်သလို မရခဲ့ပေမယ့် သူ့ရဲ့အကူအညီတွေက အရမ်းအရေးပါခဲ့ပါတယ်”
“သူကျွန်တော့်ကို နေရာမပေးတဲ့အချိန်တွေရှိခဲ့ပေမယ့် ဒါက ကျွန်တော့်အတွက် စိတ်ကွက်စရာတွေမဟုတ်ပါဘူး။ ကျွန်တော့်ရဲ့သမိုင်းမှာ သူက အရမ်းအရေးပါတဲ့နည်းပြတစ်ယောက်အဖြစ် အမြဲတမ်းကျန်ရှိနေမှာပါ” လို့ပြောကြားခဲ့ပါတယ်။
လာလီဂါသို့ပြောင်းရွှေ့ပြီးနောက်ပိုင်းမှာ အန်တိုနီဟာ သူ့ရဲ့ပုံမှန်ခြေစွမ်းကို ပြန်လည်ရရှိထားပြီး ရီးရဲလ်ဘက်တစ်အတွက် ၁၆ ပွဲကစားထားရာမှာ ၄ ဂိုးသွင်း၊ ဂိုးဖန်တီးမှု အများအပြားပြုလုပ်ထားနိုင်ပါတယ်။ ဒါ့အပြင် ကစားသမားဟာ ဘက်တစ်အတွက် အလွန်အရေးပါတဲ့ကစားသမားအဖြစ်လည်း ရပ်တည်ထားနိုင်တာဖြစ်ပါတယ်။
လာမယ့်တနင်္လာနေ့မှာတော့ ရီးရဲလ်ဘက်တစ်ဟာ ဂျီရိုနာနဲ့ ယှဉ်ပြိုင်သွားရမှာဖြစ်ပြီး အန်တိုနီတစ်ယောက် ပွဲထွက်ကစားသမားအဖြစ် ဆက်လက်ပါဝင်လာဦးမှာဖြစ်ပါတယ်။