The network connection is lost.

Banner Image

အယ်လ်ချီကိုအနိုင်ရခဲ့ပေမယ့် အသင်းရဲ့အရည်အသွေးပိုင်းက လိုအပ်ချက်တွေရှိခဲ့တယ်လို့ ဟန်ဆီဖလစ်ဝန်ခံ

တနင်္လာနေ့နံနက်ကယှဉ်ပြိုင်ခဲ့တဲ့ လာလီဂါပွဲစဉ်မှ အယ်လ်ချီကို ၃-၁ နဲ့ဂိုးပြတ်အနိုင်ရခဲ့ပေမယ့် ဘာစီလိုနာနည်းပြဟန်ဆီဖလစ်ကတော့ အသင်းရဲ့စွမ်းဆောင်ရည်အပေါ်ကျေနပ်အားရခြင်းမရှိဘဲ အရည်သွေးပိုင်းမှာ လိုအပ်ချက်တွေရှိခဲ့တယ်လို့ ဝန်ခံပြောကြားလာခဲ့ပါတယ်။ 

ပြီးခဲ့အပတ်က အယ်လ်ကလက်စီကိုမှာ ရီးရဲလ်မက်ဒရစ်ကို ၂-၁ နဲ့အရေးနိမ့်ခဲ့ပြီးနောက် ဒီတစ်ပတ် အယ်လ်ချီနဲ့ပွဲစဉ်မှာတော့ ဘာစီလိုနာဟာ လာမိုင်းယာမယ်လ်၊ ဖာရန်းတောရက်စ်၊ မားကပ်စ်ရက်ရှ်ဖို့ဒ်တို့ရဲ့သွင်းဂိုးတွေနဲ့ ဂိုးပြတ်နိုင်ပွဲကို ပြန်လည်ဖော်ဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။

သို့သော်လည်း နည်းပြဟန်ဆီဖလစ်ကတော့ ဘာစီလိုနာမှာ လိုအပ်ချက်တွေရှိနေသေးကြောင်း "ဒီပွဲမှာ ကျွန်တော်တို့ကောင်းတဲ့အရာတွေရှိခဲ့ပေမယ့် တိုးတက်ဖို့လိုအပ်နေတာတွေလည်းရှိခဲ့ပါတယ်။ အယ်လ်ချီက ဘောလုံးကိုင်ကစားတတ်တဲ့အသင်းဖြစ်လို့ ကျွန်တော်တို့အတွက် မလွယ်ကူခဲ့ပါဘူး။ ဒါပေမယ့် သူတို့ကို ဖိအားပေးနိုင်ခဲ့ပြီး ပထမသွင်းယူခဲ့တဲ့ ၂ ဂိုးက ဒီလိုဖိအာပေးနိုင်မှုကနေသွင်းယူနိုင်ခဲ့တာပါ" လို့ပြောကြားခဲ့ပါတယ်။ 

ယခုပွဲစဉ်မှာ ဘာစီလိုနာဟာ အယ်လ်ချီထက်ဘောလုံးပိုင်ဆိုင်မှု လျော့နည်းခဲ့ပေမယ့် ဟန်ဆီဖလစ်ကတော့ ဘောလုံးပိုင်ဆိုင်မှုနဲ့ပတ်သက်ပြီး စိုးရိမ်ခြင်းမရှိကြောင်း ပြောကြားခဲ့ပါတယ်။ဂျာမန်သားနည်းပြက "ကျွန်တော်တို့မှာ ပီဒရီမရှိပေမယ့် ဘောလုံးကိုင်ပြီးပွဲကိုထိန်းချုပ်ဖို့ မခက်ပါဘူး။ အခြားကစားသမားတွေနဲ့လည်း ဒါကိုလုပ်နိုင်ပါတယ်။ ပီဒရီက အရမ်းတော်တဲ့ကွင်းလယ်လူပါ။ ကျွန်တော်တို့သူ့ကို ပွဲစဉ်တိုင်းမှာကစားစေချင်ပါတယ်"

"ဒါပေမယ့် သူ မရှိတဲ့အချိန်တွေမှာလည်း ကျွန်တော်တို့ပွဲကိုထိန်းချုပ်နိုင်ဖို့ ကြိုးစားရပါမယ်။ အရင်ပွဲတစ်ချို့မှာ ပါဝင်ခွင့်မရခဲ့တဲ့ကစားသမားတွေက ဒီပွဲမှာပါဝင်လာရလို့ အသားကျဖို့ ခက်ခဲခဲ့ပါတယ်။ အရည်အသွေးပိုင်းမှာ လိုအပ်ချက်တွေရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့နောက်ဆုံး လေ့ကျင့်ရေးအစီအစဉ် ၂ ခုက အရမ်းကောင်းခဲ့ပါတယ်။ ဘောလုံးပိုင်ဆိုင်မှုလျော့နည်းခဲ့တဲ့အကြောင်းပြောရမယ်ဆိုရင် ဒီနေ့မှာ ကျွန်တော်တို့လိုအပ်ချက်တွေရှိခဲ့ပါတယ်။ ဒါပေမယ့် အရေးကြီးဆုံးက အနိုင် ၃ မှတ်ရဖို့ပါပဲ။ ကျွန်တော်တို့ ရှေ့ကို ခြေတစ်လှမ်းလှမ်းနိုင်ခဲ့လို့ အပြုသဘောဆောင်ပါတယ်" လို့ပြောကြားခဲ့ပါတယ်။ 

ယခုပွဲစဉ်မှာ အသင်းအတွက်ဦးဆောင်ဂိုးသွင်းယူခဲ့တဲ့ တောင်ပံကစားသမားလေး လာမိုင်းယာမယ်လ်ဟာ ကြံ့ခိုင်မှုအပိုင်းမှာ ၁၀၀ ရာခိုင်နှုန်းတော့ အပြည့်အဝမရှိကြောင်း ဟန်ဆီဖလစ်ကပြောကြားခဲ့ပါတယ်။ ဖလစ်က "သူ့ကဒဏ်ရာပြဿနာကို ပိုကောင်းလာဖို့ကြိုးစားနေရသူပါ။ လေ့ကျင့်မှုတွေပြုလုပ်နေသလို၊ ကုသမှုလည်းခံယူနေရပါတယ်။ သူ့မှာ ရာနှုန်းပြည့်ကြံ့ခိုင်မှုမျိုးတော့မရှိပါဘူး" လို့ပြောကြားခဲ့ပါတယ်။