The network connection is lost.

Banner Image

ပြိုင်ဘက်အပေါ်လွှမ်းမိုးနိုင်စွမ်းကို ပြန်လည်ပြသဖို့ ဘာစီလိုနာဆီ တောင်းဆိုလိုက်တဲ့ ဟန်စီဖလစ်ခ်

ချန်ပီယံလိဂ်ပြိုင်ပွဲမှနာကျင်ဖွယ်ထွက်ခွာလာရပြီးနောက် ရီးရဲလ်မက်ဒရစ်နဲ့ရင်ဆိုင်ရမယ့် အရေးကြီးအယ်လ်ကလက်စီကိုပွဲစဉ်မှာ ပြိုင်ဘက်အပေါ် လွှမ်းမိုးနိုင်စွမ်းအပြည့်ရှိတဲ့ ဘာစီလိုနာကို ဟန်စီဖလစ်ခ် မြင်တွေ့ချင်နေပါတယ်။ အင်တာမီလန်ရဲ့လက်အောက် နာကျင်ဖွယ်အရှုံးနဲ့ ရင်ဆိုင်ခဲ့ရပြီးနောက် ဂျာမန်နည်းဗျူဟာရှင်က ခါးသီးပြိုင်ဘက်နဲ့ရင်ဆိုင်ရချိန် သူတို့အသင်းရဲ့လုပ်နိုင်စွမ်းနဲ့ ခွန်အားတွေကို ပြသရင်း စိတ်ပျက်ခဲ့ရမှုတွေကို ချေဖျက်သွားဖို့ ကစားသမားတွေဆီ တောင်းဆိုခဲ့ပါတယ်။

ကတ္တလန်သားတွေရဲ့ဥရောပအောင်ပွဲမျှော်လင့်ချက်က ပြီးခဲ့တဲ့အင်္ဂါနေ့မှာပဲ ရုတ်ခြည်းအဆုံးသတ်သွားပြီး ဖလားလေးလုံးအောင်မြင်မှုရှာဖွေနိုင်ရေးအိပ်မက်လည်း ရပ်တန့်သွားခဲ့ပါတယ်။ အခုအချိန်မှာတော့ သူတို့တွေက လက်ကျန်လေးပွဲကစားရဖို့ကျန်ရှိချိန် လက်ရှိချန်ပီယံရီးရဲလ်မက်ဒရစ်ထက် လေးမှတ်အသာစီးရရှိထားတဲ့ လာလီဂါချန်ပီယံပြေးလမ်းဆီ အာရုံစူးစိုက်မှုအပြည့် ရှိလာခဲ့ပါတယ်။

စနေနေ့ပွဲကြိုသတင်းစာရှင်းလင်းပွဲအတွင်း ဟန်စီဖလစ်ခ်က ဥရောပအဆင့်ရှုံးနိမ့်မှုအပြီး သူ့အသင်းရဲ့ စိတ်ပိုင်းဆိုင်ရာပြန်လည်တိုးတက်ကောင်းမွန်လာမှုကို အထူးအလေးပေးပြောကြားခဲ့ပါတယ်။ ဟန်စီဖလစ်ခ်က “ ကစားသမားတွေ ဘယ်လိုတွေးနေလဲ၊ ဘယ်လိုခံစားနေရသလဲဆိုတာကို ကျွန်တော်တို့ ဆွေးနွေးဖြစ်ပါတယ်။ ကျွန်တော်တို့ဆွေးနွေးဖြစ်ခဲ့တဲ့အရာဆိုတာ အသင်းတစ်ခုမှာ အရေးအကြီးဆုံးကိစ္စ ဖြစ်ပါတယ်။

အယ်လ်ကလက်စီကိုပွဲစဉ်တစ်ခုမှာ ကိုယ့်ရဲ့စွမ်းဆောင်ရည်က အမြင့်ဆုံးအဆင့်အတန်းမျိုးမှာ ရှိနေရမယ်ဆိုတာ လူတိုင်းလည်း သိကြပါတယ်။ ဒါကိုပဲ ကျွန်တော်တို့ လုပ်သွားရပါမယ်။ ကျွန်တော်တို့က ကွင်းတွင်းမှာ တက်တက်ကြွကြွ၊ ခွန်အားအပြည့်နဲ့ ပုံမှန်အတိုင်း လွှမ်းမိုးနိုင်စွမ်းအပြည့်ရှိတဲ့ ကစားဟန်မျိုးကို မြင်တွေ့ချင်ကြပါတယ်။ ပြီးတော့ ရီးရဲလ်မက်ဒရစ်ဆိုတာ အံ့သြစရာကောင်းတဲ့ ပြိုင်ဘက်ကောင်းဆိုတာလည်း ကျွန်တော်တို့ သိကြပါတယ်”လို့ ဆိုပါတယ်။

ဘာစီလိုနာအသင်းက အခုဘောလုံးရာသီ၊ အယ်လ်ကလက်စီကိုပွဲစဉ်တွေမှာ လုံးဝအမှားအယွင်းမရှိဘဲ ကျော်ဖြတ်နိုင်ခဲ့တဲ့စံချိန်မျိုးနဲ့အတူ တနင်္ဂနွေညပိုင်းပွဲကြီးပွဲကောင်းဆီ ချဉ်းကပ်လာပါလိမ့်မယ်။ သူတို့တွေက ရီးရဲလ်မက်ဒရစ်နဲ့ အခုရာသီ၊ ပြိုင်ပွဲစုံသုံးကြိမ်ဆက်တွေ့ဆုံခဲ့မှုမှာ အောင်ပွဲအလီလီဆွတ်ခူးနိုင်ခဲ့ပါတယ်။  ဒါ့အပြင် ဘာစီလိုနာအသင်းက ဒဏ်ရာပြဿနာတွေနဲ့ပတ်သက်လို့ အားတက်စရာသတင်းကောင်းတွေလည်း ရရှိခဲ့ပါတယ်။ ဘာစီလိုနာအတွက် ကာလရှည်အနားယူခဲ့ရတဲ့ ဘယ်အစွန်ခံစစ်မှူးဘယ်လ်ဒီနဲ့ လူငယ်ကွင်းလယ်ကစားသမားကာဆာဒိုတို့ဟာ အသင်းလူစာရင်းဆီ ပြန်လည်ပူးပေါင်းလာနိုင်ခဲ့ပါပြီ။ ဒါ့အပြင် အင်တာမီလန်နဲ့ပွဲစဉ်မှာ ပွဲကစားချိန်အနည်းငယ်ရရှိခဲ့တဲ့ တိုက်စစ်ကြယ်ပွင့်လီဝန်ဒေါစကီးလည်း အသင်းလူစာရင်းမှာ ပါဝင်လာပါလိမ့်မယ်။ ဒါပေမယ့် ဟန်စီဖလစ်ခ်ကတော့ ဒီကစားသမားသုံးဦးလုံးကို ပွဲထွက်ခွင့်ပေးဖို့ထက် အရန်လူစာရင်းမှာပဲ ထည့်သွင်းထားမယ်လို့ အရိပ်အမြွက်ပြောကြားခဲ့ပါတယ်။