The network connection is lost.

Banner Image

လာမိုင်းယာမယ်ကို သတိပေးစကားဆိုလိုက်တဲ့ ဟန်ဆီဖလစ်

ဘာစီလိုနာနည်းပြသစ် ဟန်ဆီဖလစ်က အသင်းရဲ့လာမာစီယာအကယ်ဒမီထွက် ပါရမီရှင်ကစားသမားလေး လာမိုင်းယာမယ်ကို ချီးကျူးပြောဆိုမှုတွေပြုလုပ်ခဲ့သလို သတိပေးစကားလည်း ပြောကြားလာခဲ့ပါတယ်။

စပိန်လက်ရွေးစင်အသင်းနဲ့အတူ ၂၀၂၄ ယူရိုချန်ပီယံရှစ်ဖလားကို ဆွတ်ခူးနိုင်ခဲ့တဲ့ အသက်-၁၇ နှစ်အရွယ်တောင်ပံကစားသမားဟာ အမေရိကန်သို့ထွက်ခွာသွားတဲ့ ဘာစီလိုနာရဲ့ ခြေစမ်းခရီးစဉ်ကို လိုက်ပါခြင်းမရှိဘဲ လက်ရှိအချိန်မှာ နွေရာသီအားလပ်ရက်ကို ထိုက်ထိုက်တန်တန်ဖြတ်သန်းအနားယူနေတာဖြစ်ပါတယ်။

ယာမယ်နဲ့ပတ်သက်ပြီး ဟန်ဆီဖလစ်က “သူက အထင်ကြီးစရာစွမ်းဆောင်ရည်ကို ပြသထားနိုင်တဲ့ ကောင်လေးပါ။ ပြီးခဲ့တဲ့နှစ်ကတည်းက အရမ်းတိုးတက်လာပြီး ဆက်တိုက်ပဲ ခြေစွမ်းမြင့်တက်လာပါတယ်။ ယူရိုမှာပြသခဲ့တဲ့ သူ့ရဲ့စွမ်းဆောင်ရည်ကလည်း အံ့မခန်းပါပဲ။ မယုံနိုင်လောက်စရာတိုးတက်မှုအခြေအနေကို ပိုင်ဆိုင်ထားတာပါ။ ဒါပေမယ့် တကယ့်ကစားသမားကြီးတွေတောင် တိုးတက်မှုရရှိအောင်ပြုလုပ်နေကြရပါတယ်။ သူ့အတွက် အခုချိန်မှာ အရေးအကြီးဆုံးအရာက ခြေထောက်တွေကိုမြေကြီးပေါ်ချပြီး ဘောလုံးကစားနေဖို့ပါပဲ”လို့ ပြောကြားခဲ့ပါတယ်။

ယာမယ်ဟာ ဘာစီလိုနာရဲ့ လူငယ်ကြယ်ပွင့်ကစားသမား အများအပြားထဲမှ တစ်ဦးဖြစ်ပြီး ဟန်ဆီဖလစ်က လူငယ်ကစားသမားတွေနဲ့ ဘယ်လိုအလုပ်လုပ်မယ်ဆိုတာကို ပြောကြားခဲ့ပါတယ်။ ဂျာမန်သားက “ဒီအသင်းက ထူးခြားတဲ့အရည်အသွေးရှိတဲ့ လူငယ်ကစားသမားတွေနဲ့အလုပ်လုပ်နေတာပါ။ သူတို့ဘယ်လိုကစားလဲ ဘယ်လောက်ကြိုးစားသလဲဆိုတာ ကျွန်တော်မြင်ပြီးပါပြီ။ ကွင်းထဲမှာဆို သူတို့ဘယ်လိုနေရာယူရမယ်၊ ဘယ်လိုဘောလုံးလက်ခံရမယ်၊ ဘာလုပ်ရမယ်ဆိုတာကို ကောင်းကောင်းသိကြပါတယ်” လို့ ထပ်လောင်းပြောကြားခဲ့ပါတယ်။

ဘာစီလိုနာနည်းပြသစ် ဟန်ဆီဖလစ်အနေနဲ့ ပြီးခဲ့တဲ့ရာသီတွေမှာ ကျရှုံးခဲ့တဲ့ အသင်းရဲ့ခါးသီးတဲ့ကျရှုံးမှုတွေကို ပြန်လည်အဖက်ဆယ်ဖို့ ကြိုးစားသွားရမှာဖြစ်တဲ့အပြင် လူငယ်ကြယ်ပွင့်တွေကိုဦးဆောင်ပြီး ဘာစီလိုနာကို ကမ္ဘာ့ဘောလုံးလောကရဲ့ ထိပ်သီးအသင်းတစ်သင်းအဖြစ် ပြန်လည်တည်ဆောက်သွားရမှာဖြစ်ပါတယ်။