The network connection is lost.

Banner Image

ချဲလ်ဆီးရဲ့အပြောင်းအရွှေ့ချဉ်းကပ်မှုအပေါ် တုံ့ပြန်ပြောဆိုလိုက်တဲ့ စပိန်ကြယ်ပွင့် နီကိုဝီလျံစ်

ပရီးမီးယားလိဂ်ကလပ် ချဲလ်ဆီးအသင်းရဲ့ချဉ်းကပ်လာမှုရှိခဲ့ပြီးနောက် နီကိုဝီလျံစ်က ဘာစီလိုနာဆီသာ ပြောင်းရွှေ့ဖို့ စိတ်အားထက်သန်နေတယ်လို့ စပိန်မှလာတဲ့သတင်းတွေအရ သိရပါတယ်။

အသက်-၂၁ နှစ်အရွယ်ကစားသမားက ပြီးခဲ့တဲ့ဘောလုံးရာသီ၊ လာလီဂါပြိုင်ပွဲမှာ ဘီလ်ဘာအို  အသင်းအတွက် ငါးဂိုးသွင်းယူကာ ဂိုးဖန်တီးမှု ၁၁ ကြိမ်ပြုလုပ်ပြီး အထူးခြေစွမ်းပြခဲ့ပါတယ်။ ဒီနောက်မှာတော့ သူက အခုလိုပုံစံကောင်းတွေကို ယူရို-၂၀၂၄ ပြိုင်ပွဲဝင် စပိန်အသင်းဆီ ယူဆောင်လာခဲ့ပြီး ဂျာမန်မြေမှာလည်း အထင်ကြီးလောက်စရာ စွမ်းဆောင်ရည်ကောင်းတွေ ပြသနေပါတယ်။

နီကိုဝီလျံစ်ပါဝင်တဲ့ စပိန်အသင်းက လာမယ့်သောကြာနေ့မှာ အိမ်ရှင်ဂျာမနီအသင်းနဲ့ ကွာတားဖိုင်နယ်အဆင့်ပွဲစဉ် ယှဉ်ပြိုင်ကစားသွားရပါမယ်။ တဖက်မှာတော့ နီကိုဝီလျံစ်ကိုယ်တိုင်လည်း နွေရာသီအပြောင်းအရွှေ့ဈေးကွက်မတိုင်ခင် ကလပ်အသင်းများစွာရဲ့စိတ်ဝင်စားမှုကို စွဲဆောင်ထားနိုင်ခဲ့ပါတယ်။ သူ့ကိုခေါ်ယူနိုင်ဖို့ အာဆင်နယ်၊ ချဲလ်ဆီးနဲ့ ဘာစီလိုနာတို့က စိတ်ဝင်စားနေပြီး အခုလအစောပိုင်းဖော်ပြခဲ့တဲ့သတင်းတွေအရ နီကိုဝီလျံစ်ကို မီခေးလ်အာတီတာက အသင်းတိုက်စစ်ပိုင်းအတွက် ဦးစားပေးပစ်မှတ်အဖြစ် သတ်မှတ်ထားတယ်လို့ သိရပါတယ်။

ကစားသမားနဲ့ ဘီလ်ဘာအိုတို့အကြား စာချုပ်ဖျက်သိမ်းကြေး ယူရို ၅၅ သန်းတန် သဘောတူညီမှုလည်း ရှိထားလို့ နီကိုဝီလျံစ်ကို ခေါ်ယူနိုင်ရေး အလွယ်တကူကြိုးပမ်းနိုင်မယ့် အလားအလာတွေလည်း ပေါ်ပေါက်နေပါတယ်။ စပိန်အခြေစိုက်သတင်းစာ Sport ရဲ့အဆိုအရ ချဲလ်ဆီးအသင်းက နီကိုဝီလျံစ်ဆီ ကြားခံလူတစ်ဦးမှတဆင့် ချဉ်းကပ်ခဲ့ပေမယ့် ကစားသမားကိုယ်တိုင်ကတော့ ဘာစီလိုနာဆီပြောင်းရွှေ့ဖို့ကိုပဲ ဦးစားပေးအဖြစ် သတ်မှတ်ထားကြောင်း ပရီးမီးယားလိဂ်ကလပ်ဆီ အကြောင်းပြန်ကြားခဲ့တယ်လို့ သိရပါတယ်။


ဒီသတင်းမှာပဲ ချဲလ်ဆီးက နီကိုဝီလျံစ်ကို ခေါ်ယူဖို့ လက်မလျှော့သေးဘူးလို့ ဖော်ပြခဲ့ပြီး ကစားသမားသစ်ခေါ်ယူနိုင်ရေးအတွက် လက်ရှိကစားသမားတွေကို ရောင်းချဖို့ လိုအပ်နေတဲ့ ဘာစီလိုနာရဲ့ ဘဏ္ဍာရေးအခြေအနေအပေါ် အမြတ်ထုတ်သွားဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။  ချဲလ်ဆီးအသင်းက နီကိုဝီလျံစ်အတွက် စာချုပ်ဖျက်သိမ်းကြေးပေးချေသွားဖို့ ပြင်ဆင်နေပြီး ကစားသမားအတွက်လည်း လက်မှတ်ထိုးကြေး ယူရို ၁၅ သန်းမှ သန်း ၂၀ အကြား ချီးမြှင့်သွားဖို့ စီစဉ်ထားပါတယ်။

ပြီးခဲ့တဲ့သီတင်းပတ်အတွင်း သူ့ရဲ့အနာဂတ်နဲ့ပတ်သက်လို့ မေးမြန်းလာမှုကို နီကိုဝီလျံစ်က “ပြင်ပလောကမှာ ဖြစ်နေတဲ့အရာရာတိုင်းက ကောင်းလှပါတယ်။ ဒါတွေက ကျွန်တော်ဟာ ကိုယ့်အလုပ်ကို အကောင်းဆုံးလုပ်နေတယ်လို့ အဓိပ္ပါယ်ဆောင်ပါတယ်။ အသင်းကြီးတွေရဲ့စိတ်ဝင်စားမှုကို လိုချင်ကြတာ ကလေးငယ်တိုင်းရဲ့အိပ်မက်တစ်ခုပါ။  ကျွန်တော်ကတော့ ဥရောပချန်ပီယံရှစ်ပြိုင်ပွဲကြီးမှာ အကောင်းဆုံး ခြေစွမ်းပြသသွားနိုင်ဖို့ပဲ အာရုံစိုက်နေပါတယ်။ ဒီရက်ပိုင်းအတွင်း ကျွန်တော်ကိုယ်တိုင်လည်း သတင်းတွေနဲ့အဆက်ပြတ်နေလို့ ဘာတွေဖြစ်နေကြသလဲဆိုတာ လေ့လာသွားရပါဦးမယ်”လို့ ပြောပါတယ်။

ပြီးခဲ့တဲ့သီတင်းပတ်အတွင်း Sport နဲ့ အင်တာဗျူးအစီအစဉ်တစ်ခုမှာ နီကိုဝီလျံစ်ကို နူးကမ့်ဆီ ပြောင်းရွှေ့လာတာကို မြင်ချင်တယ်လို့ လက်ရွေးစင်အသင်းဖော်၊ ဘာစီလိုနာတောင်ပံကစားသမား ယာမယ်လ်က ပြောကြားလိုက်ပါတယ်။

“ကျွန်တော်တို့ အရမ်းအဆင်ပြေနေပါတယ်ဆိုတာ ကွင်းတွင်းမှာလည်း ခင်ဗျားတို့ မြင်ရနိုင်ပါတယ်။ ကျွန်တော်တို့နှစ်ဦးလုံးက အရမ်းရင်းနှီးသလို သူငယ်ချင်းကောင်းတွေလည်း ဖြစ်ပါတယ်။ ဒါက ကွင်းတွင်းမှာ ချိတ်ဆက်ကစားနိုင်ဖို့အတွက် အရေးအကြီးဆုံးအရာဖြစ်ပါတယ်။ နီကိုဝီလျံစ် ဘာစီလိုနာဆီ ပြောင်းရွှေ့လာဖို့ ဆုတောင်းနေပါတယ်”လို့ ယာမယ်လ်က ဆိုပါတယ်။