ဒေါ့မွန်ကိုအနိုင်ရပြီးနောက် အသင်းရဲ့ဒဏ်ရာပြဿနာအခြေအနေတွေကို အသိပေးလာတဲ့ ဟန်ဆီဖလစ်
ယမန်နေ့ညကယှဉ်ပြိုင်ခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ဒေါ့မွန်ကို ၂-၃ နဲ့အနိုင်ရပြီးနောက် ပွဲအပြီးမှာတော့ ဘာစီလိုနာနည်းပြ ဟန်ဆီဖလစ်က အသင်းရဲ့ဒဏ်ရာပြဿနာအခြေအနေတွေကို အသိပေးပြောကြားလာခဲ့ပါတယ်။ ဘာစီလိုနာအနေနဲ့ ချန်ပီယံလိဂ်မှာ နောက်ဆုံး ၅ ပွဲဆက်တိုက်အနိုင်ရရှိခဲ့တာဖြစ်ပြီး ယခုပွဲရလဒ်ကြောင့် အမှတ်ပေးဇယားရဲ့ ဒုတိယနေရာသို့ တက်လှမ်းလာနိုင်ခဲ့ကာ ရှုံးထွက် ၁၆ သင်းအဆင့်ကို တိုက်ရိုက်တက်လှမ်းနိုင်ဖို့ အခြေအနေကောင်းတစ်ရပ်ကို ဖန်တီးနိုင်ခဲ့ပါတယ်။
ပွဲအပြီးမှာ ဘာစီလိုနာရဲ့ကစားပုံနဲ့ပတ်သက်ပြီး ဖလစ်က “ဒီပွဲမှာ ကျွန်တော်တို့ကစားသမားတွေ သူတို့ရဲ့အရည်အသွေးကို ပြသနိုင်ခဲ့လို့ အရမ်းပဲ ဂုဏ်ယူမိပါတယ်။ ပထမပိုင်းခြေစွမ်းက အတော်လေးကောင်းမွန်ခဲ့သလို ဒုတိယပိုင်း ဒေါ့မွန်ဂိုးသွင်းနိုင်ပြီ နောက်ပိုင်းမှာလည်း ကျွန်တော်တို့ တည်တည်ငြိမ်ငြိမ်ပဲဆက်ကစားနိုင်ခဲ့ပါတယ်။ ဒေါ့မွန်က ကစားသမားကောင်းတွေအများကြီးရှိတဲ့ အသင်းကောင်းတစ်သင်းပါ။ ခုခံကစားဖို့အရမ်းခက်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ကလည်း အကောင်းဆုံးကစားနိုင်ခဲ့ကြပါတယ်” လို့ပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီး ဖလစ်က အသင်းအတွက် အဖွင့်ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့တဲ့ တောင်ပံကစားသမား ရာဖင်ဟာရဲ့ ဒဏ်ရာအခြေအနေနဲ့ပတ်သက်ပြီးတော့လည်း အသိပေးပြောကြားခဲ့ပါတယ်။ ဘရာဇီးလက်ရွေးစင်ကစားသမားဟာ ယခုပွဲစဉ်မှာ ခြေစွမ်းပြသကစားနိုင်ခဲ့ပေမယ့် ပွဲကစားချိန် ၇၁ မိနစ်မှာ ကြံ့ခိုင်မှုပြဿနာကြောင့် လူစားလဲခံခဲ့ရပါတယ်။ ဂျာမန်သားက “ရာဖင်ဟာက ပွဲပန်းရုံသက်သက်ပါ။ ဒဏ်ရာပြဿနာမရှိပါဘူး” လို့ပြောကြားခဲ့ပါတယ်။