
ပက်ဂွါဒီယိုလာ၊ ယာဂန်ကလော့ပ်နဲ့ တူချယ်တို့ဆီမှ ဘာတွေရရှိခဲ့သလဲဆိုတာ ရှင်းပြလိုက်တဲ့ ဂမ်ဒိုဂန်
ဝါရင့်ကွင်းလယ်လူ ဂမ်ဒိုဂန်က စီမံခန့်ခွဲမှုအပိုင်းနဲ့ပတ်သက်လို့ ဆရာဟောင်းတွေဖြစ်တဲ့ ပက်ဂွါဒီယိုလာ၊ ယာဂန်ကလော့ပ်နဲ့ သောမတ်စ်တူချယ်တို့ဆီမှ အမွေဆက်ခံနိုင်ခဲ့တဲ့ စရိုက်လက္ခဏာတွေအကြောင်း ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
ယာဂန်ကလော့ပ်၊ တူချယ်တို့ဆီမှာ ဒေါ့မွန်ကစားသမားအဖြစ် ကျင်လည်ခဲ့ဖူးသလို မန်စီးတီးမှာ ပက်ဂွါဒီယိုလာနဲ့ လက်တွဲခဲ့ရဖူးတဲ့ အသက်-၃၃ နှစ်အရွယ် ဘာစီလိုနာကြယ်ပွင့်က အနာဂတ်မှာ ဘောလုံးလောကရဲ့စီမံခန့်ခွဲမှုနယ်ပယ်ဆီ ဝင်ရောက်ချင်နေပြီး လေဗာကူဆင်နည်းပြအလွန်ဆိုလိုမျိုး စွမ်းဆောင်သွားဖို့ လိုလားနေပါတယ်။ ဒါ့အပြင် ကွင်းလယ်လူက ကွင်းတွင်းအရန်ခုံတန်းမှာရှိနေမယ့် အထက်ဖော်ပြပါ နည်းပြတွေရဲ့အားသာချက်တွေကိုလည်း ရှင်းပြခဲ့ပါတယ်။
Spiegel သတင်းဌာနနဲ့တွေ့ဆုံချိန် ဂမ်ဒိုဂန်က “ ကစားသမားအပေါ် စာနာနားလည်တတ်သလို ဘောလုံးဉာဏ်ရည်ဉာဏ်သွေးရှိတဲ့ နည်းပြတစ်ဦး ဖြစ်ချင်ပါတယ်။ လေဗာကူဆင်မှာ ရှိတဲ့ အလွန်ဆိုရဲ့လမ်းကြောင်းမျိုးကို လျှောက်လှမ်းလိုပါတယ်။ မန်ချက်စတာမှာ ပက်ဂွါဒီယိုလာရဲ့ပွဲစဉ်တွေကို အလွန်ဆို လာကြည့်ချိန် ကျွန်တော် သူနဲ့ ဆုံတွေ့ဖူးပါတယ်။ သူက အလွန်နှစ်လိုဖွယ်ကောင်းပြီး အသင်းအတွက် ရှင်းလင်းပြတ်သားတဲ့ အစီအမံတစ်ခုချပြပေးလိုတဲ့ ပုဂ္ဂိုလ်တစ်ဦးဖြစ်တယ်ဆိုတာ ကျွန်တော့်ကို ယုံကြည်မိသွားစေပါတယ်။ သူ့ရဲ့အစီအစဉ်တွေထဲမှာ ပက်ဂွါဒီယိုလာရဲ့ဒဿနိကတွေ တစိတ်တပိုင်း ပါဝင်သလို သူ့ရဲ့ကိုယ်ပိုင်အတွေးအမြင်လည်း ထည့်သွင်းထားပါတယ်။ ဒီအချက်ကြောင့် သူ့အပေါ် ကျွန်တော် လေးစားမိစေတယ်”လို့ ပြောပါတယ်။
ထိပ်တန်းနည်းပြတွေဆီမှ ရရှိခဲ့တဲ့ စရိုက်လက္ခဏာကောင်းတစ်ခုစီလောက်ကို ရှင်းပြပေးဖို့ တောင်းဆိုလိုက်ချိန်မှာ ဂမ်ဒိုဂန်က “ပက်ဂွါဒီယိုလာဆီက ဘောလုံးဉာဏ်ရည်ဉာဏ်သွေး၊ ကလော့ပ်ဆီက ဖခင်ဆန်ဆန် သြဇာသက်ရောက်မှု၊ တူချယ်ဆီက လေ့ကျင့်ရေးနည်းနာတွေနဲ့ ဓမ္မဓိဋ္ဌာန်ကျမှုတွေ သင်ယူရရှိခဲ့ပါတယ်။ ဥပမာအားဖြင့် တူချယ်က ဘောလုံးလက်ခံရရှိချိန်နဲ့ ဘောလုံးဆွဲပြေးချိန်တွေမှာ ခြေထောက်ကို ဘယ်လိုအနေအထားမျိုးမှာ ရှိနေရမလဲဆိုတာအထိ အာရုံစူးစိုက်မှုအပြည့်နဲ့ အမြဲတမ်းသင်ကြားပေးလေ့ရှိပါတယ်”လို့ ပြောပါတယ်။
ပက်ဂွါဒီယိုလာ၊ ယာဂန်ကလော့ပ်နဲ့ တူချယ်တို့က ထိပ်တန်းနည်းပြတွေအဖြစ် ကာလကြာရှည် ရှုမြင်ခံထားရသူတွေဖြစ်ပြီး အလွန်ဆိုကလည်း လေဗာကူဆင်အတွက် အံ့အားသင့်ဖွယ် ဘောလုံးရာသီကို ဖန်တီးပြီးနောက် ဒီစာရင်းမှာ ပါဝင်လာနိုင်သူဖြစ်ပါတယ်။ အကယ်၍ ဂမ်ဒိုဂန်အနေဖြင့် ကစားသမားဘ၀ ကုန်ဆုံးပြီးနောက် စီမံခန့်ခွဲမှုနယ်ပယ်ဆီ တက်လှမ်းလာမယ်ဆိုရင် အဆိုပါနည်းပြလေးဦးထက် သူ့ရဲ့နည်းစနစ်ပိုင်းက ပိုပြီးတော့ပြင်းထန်နိုင်ဖွယ် ရှိပါတယ်။
လက်ရှိမှာ ဂမ်ဒိုဂန်က အမိနိုင်ငံတော်ကိုယ်စားပြုပြီး ယူရို-၂၀၂၄ ပြိုင်ပွဲကြီးမှာ ဝင်ရောက်ယှဉ်ပြိုင်သွားဖွယ် ရှိပါတယ်။ လက်ရွေးစင်အဆင့် ၇၆ ပွဲအထိ ကစားပေးထားတဲ့ အသက်-၃၃ နှစ်အရွယ်ကစားသမားက လာမယ့်သီတင်းပတ်တွေ အတွင်း ဂျာမနီလက်ရွေးစင်အသင်းအတွက် အဓိကအခန်းကဏ္ဍတစ်ခုမှာ ပါဝင်ကစားခွင့်ရရှိဖို့ မျှော်လင့်နေပါလိမ့်မယ်။