
အာဆင်နယ်က ပရီးမီးယားလိဂ်မှာ ကံမကောင်းဘူးလို့ ပြောကြားလာတဲ့ အာတီတာ
၂၀၂၄-၂၅ ခုနှစ် ပရီးမီးယားလိဂ်အမှတ်ပေးဖလားကို လီဗာပူးမှသိမ်းပိုက်ခဲ့ပြီးနောက် အာဆင်နယ်နည်းပြ မီခေးလ်အာတီတာက သူ့ရဲ့အသင်းဟာ အမှတ်ပေးဖလားပြိုင်ပွဲမှာ ကံမကောင်းဘူးလို့ ဖွင့်ဟပြောကြားလာခဲ့ပါတယ်။
ပြီးခဲ့တဲ့လက တော့တင်ဟမ်ကို ၅-၁ နဲ့ဂိုးပြတ်အနိုင်ရပြီးနောက်မှာ လီဗာပူးဟာ ရမှတ် ၈၂ မှတ်နဲ့ ရာသီမကုန်ခင်မှာပဲ ချန်ပီယံဆုဖလားကို သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။ အဆိုပါရမှတ်ပမာဏဟာ ပြီးခဲ့တဲ့ ၂ ရာသီအတွင်း ဒုတိယရခဲ့တဲ့ အာဆင်နယ်ရဲ့ ရမှတ်ထက် လျော့နည်းနေတာလည်းဖြစ်ပါတယ်။
လွန်ခဲ့တဲ့ ၂ ရာသီအတွင်းမှာ အာဆင်နယ်ဟာ ချန်ပီယံမဖြစ်ခဲ့ပေမယ့် ရမှတ် ၈၄ နဲ့ ၈၉ မှတ်စီ အသီးသီးရရှိခဲ့တာဖြစ်ပါတယ်။ သို့သော်လည်း အဆိုပါနှစ်တွေမှာ မန်ချက်စတာစီးတီးကပဲ ချန်ပီယံအဖြစ် ပရီးမီးယားလိဂ်ဆုဖလားတွေကို သိမ်းပိုက်ခဲ့ပါတယ်။
၂၀၂၀ ခုနှစ်မှာ အာဆင်နယ်ကို စတင်ကိုင်တွယ်ခဲ့တဲ့အာတီတာဟာ ပွဲဦးထွက်ရာသီမှာ အသင်းအတွက် အက်ဖ်အေဖလားကို စတင်ဆွတ်ခူးပေးနိုင်ခဲ့ပေမယ့် အခုချိန်အထိ နောက်ထပ်ဆုဖလားတွေ ထပ်မံဆွတ်ခူးပေးနိုင်ခြင်းမရှိသေးပါဘူး။ ယခုနှစ်ရာသီမှာတော့ ပရီးမီးယားလိဂ်ဖလားနဲ့လွဲချော်ခဲ့ပြီးနောက် အာဆင်နယ်ဟာ ချန်ပီယံလိဂ်မှာ ဆီမီးဖိုင်နယ်အထိ တက်လှမ်းထားပြီး ဆုဖလားအတွက် အခွင့်အရေးရှိနေပါတယ်။
အသင်းရဲ့ ဆုဖလားအတွက် ရုန်းကန်ရမှုနဲ့ပတ်သက်ပြီး အာတီတာက "ဒီရာသီမှာတော့ ဖလားတွေရဖို့ ကျွန်တော်တို့ကြိုးစားနေပါတယ်။ ဆုဖလားရဖို့အတွက် အသင်းဟာ မှန်ကန်တဲ့နေရာမှာ အချိန်ကိုက်ရှိနေဖို့လိုပါတယ်။ ဒီရာသီမှာ လီဗာပူးက ပြီးခဲ့တဲ့ရာသီက ကျွန်တော်တို့ရခဲ့တဲ့ အမှတ်တွေထက် လျော့နည်းပြ ဆုဖလားကို ဆွတ်ခူးခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၂ ရာသီကအမှတ်တွေနဲ့ ပရီးမီးယားလိဂ်ဖလားကို ဆွတ်ခူးနိုင်မယ်ဆိုရင် ကျွန်တော်တို့ ၂ ကြိမ်အထိ ဆွတ်ခူးနိုင်ရမှာပါ။ ဒါကြောင့် မှန်ကန်တဲ့အခိုက်အတန့်ကို ရောက်ရှိနေဖို့လိုတယ်လို့ပြောတာပါ။ မနက်ဖြန် ပီအက်စ်ဂျီနဲ့ပွဲမှာလည်း အချိန်မှန်နေရာမှန်ဖြစ်ဖို့ မျှော်လင့်ပါတယ်" လို့ပြောကြားခဲ့ပါတယ်။
လာမယ့် ကြာသပတေးနေ့နံနက်မှာတော့ အာဆင်နယ်ဟာ ပီအက်စ်ဂျီကို ပြင်သစ်မြေမှာသွားရောက်ရင်ဆိုင်ရမှာဖြစ်ပြီး ပထမအကျော့က ၀-၁ နဲ့အရေးနိမ့်ထားတာကြောင့် မဖြစ်မနေအနိုင်ကစားသွားဖို့ လိုအပ်နေပါတယ်။