အီဒါဆန်အခြေအနေနဲ့ပတ်သက်ပြီး ထုတ်ဖော်ပြောကြားလာတဲ့ ဂွါဒီယိုလာ
မန်စီးတီးနည်းပြ ဂွါဒီယိုလာက ဂိုးသမား အီဒါဆန်တစ်ယောက် အခုနွေရာသီမှာ အသင်းကနေ ထွက်ခွာနိုင်တယ်လို့ ဝန်ခံပြောကြားလိုက်ပါတယ်။
အီဒါဆန်ဟာ ဘင်ဖီကာကနေ စီးတီးထံပြောင်းလာပြီးကတည်းက ပရီးမီးယားလိဂ်မှာ ၇ ရာသီကြာကစားခဲ့ပြီးဖြစ်ပါတယ်။ ဒါပေမယ့် လက်ရှိအချိန်မှာတော့ ဘရာဇီးသားကို ဆော်ဒီလိဂ်က ချိတ်ဆက်နေပါတယ်။
စီးတီးနဲ့ အီဒါဆန်တို့ကြား စာချုပ်သက်တမ်းက ၂ နှစ်ကျန်နေသေးတာဖြစ်ပြီး ပွဲပေါင်း ၃၃၂ ပွဲအထိ ပါဝင်ကစားပေးထားခဲ့ပါတယ်။ ဆဲလ်တစ်ကို ၄-၃ နဲ့အရေးနိမ့်ခဲ့တဲ့ ပွဲအပြီးမှာ ဂွါဒီယိုလာက အသက် ၃၀ အရွယ်ဂိုးသမားရဲ့အနာဂတ်ကို ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
“ကျွန်တော်မသိပါဘူး။ သူ့မှာ အခြားရွေးချယ်စရာတွေရှိနိုင်ပါတယ်။ မှန်ပါတယ်။ ကျွန်တော်ကတော့ သူ့ကိုဒီမှာဆက်နေစေချင်ပါတယ်။ အဲ့တာက အသင်းအပေါ်မှာပဲ မူတည်ပါတယ်။ အခြေအနေကို ကျွန်တော်မသိပါဘူး။ ပြီးခဲ့တဲ့ရက်အနည်းငယ်တုန်းက အချိတ်အဆက်မရှိပါဘူး။ အပြောင်းအရွှေ့မပိတ်ခင်အထိ ဘာဆက်ဖြစ်မလဲဆိုတာ စောင့်ကြည့်ရမှာပါ”လို့ ဂွါဒီယိုလာက ပြောကြားခဲ့ပါတယ်။
အီဒါဆန်ထွက်ခွာခဲ့ရင် နံပတ် ၂ ဂိုးသမား အော့တီဂါက စီနီယာဂိုးသမားဖြစ်လာဖွယ်ရှိနေပါတယ်။ အီဒါဆန်အပြင် ဒီဘရိုင်းရဲ့ အခြေအနေကလည်း မသေချာသေးဘူးလို့ သိရပါတယ်။ ဒီဘရိုင်းကတော့ ရွေးချယ်စရာတွေလုပ်ဆောင်နေပြီး ဆော်ဒီလိဂ်အပြင် မေဂျာလိဂ်ကလပ် ဆန်ဒီယေဂိုအသင်းကလည်း ချိတ်ဆက်နေပါတယ်။
“ကျွန်တော့်အသက်အရွယ်မှာ အရာအားလုံးကို လမ်းဖွင့်ထားပါတယ်။ ကစားသမားဘဝအဆုံးမှာ ငွေအများကြီးက စကားပြောနိုင်ပါတယ်”လို့ ဒီဘရိုင်းက ပြောကြားခဲ့ပါတယ်။
ဆဲလ်တစ်နဲ့ပွဲမတိုင်ခင် ဂွါဒီယိုလာက ဒီဘရိုင်းထွက်ခွာမှာ မဟုတ်ဘူးလို့ အခိုင်အမာဖြေကြားခဲ့ပါတယ်။ ဘယ်လ်ဂျီယံသားဟာ ၂၀၁၅ ကတည်းက စီးတီးအတွက်ကစားပေးနေတာဖြစ်ပြီး အသင်းနဲ့အတူ ပရီးမီးယားလိဂ် ၆ ကြိမ် ၊ ကာရာဘောင်ဖလား ၅ ကြိမ် ၊ အက်ဖ်အေဖလား ၂ ကြိမ် နဲ့ ချန်ပီယံလိဂ်ဖလားတို့ရယူနိုင်ခဲ့ပါတယ်။