The network connection is lost.

Banner Image

ယူရို-၂၀၂၄ မှာ စိတ်မကောင်းစွာ စောင့်ကြည့်ရမယ့် ကစားသမားသုံးဦး အမည်ကို ထုတ်ဖော်ပြောပြလိုက်တဲ့ မော်ရင်ဟို

ဝါရင့်နည်းပြကြီးမော်ရင်ဟိုက ယူရို-၂၀၂၄ ပြိုင်ပွဲအတွင်း သူကိုယ်တိုင် ဝမ်းပန်းတနည်းဖြင့် စောင့်ကြည့်သွားရတော့မယ့် ကစားသမားသုံးဦးရဲ့အမည်ကို ထုတ်ဖော်ပြောပြလာပါတယ်။ အခုပြိုင်ပွဲမှာ ဥရောပဘောလုံးအင်အားကြီးနိုင်ငံတွေဖြစ်တဲ့ ဂျာမနီ၊ စပိန်၊ ခရိုအေးရှား၊ အင်္ဂလန်၊ အီတလီ၊ ပြင်သစ်နဲ့ ပေါ်တူဂီအသင်းတို့လည်း ပါဝင်ဆင်နွှဲနေကြပါတယ်။

ပေါ်တူဂီအသင်းရဲ့ဝါရင့်တိုက်စစ်မှူးကြီးစီရော်နယ်ဒိုကတော့ သူ့ရဲ့မိခင်နိုင်ငံအတွက် ၂၀၁၆ ယူရိုချန်ပီယံအောင်ပွဲနောက်ပိုင်း ဥရောပချန်ပီယံဘွဲ့ကို ထပ်မံဆွတ်ခူးနိုင်ဖို့ လိုလားနေပါလိမ့်မယ်။ အခုတကြိမ်ယူရိုပြိုင်ပွဲကြီးက စီရော်နယ်ဒိုရဲ့ ဂန္တဝင်မြောက်ကစားသမားဘဝမှာ နိုင်ငံ့လက်ရွေးစင်အသင်းနဲ့အတူ ပါဝင်ယှဉ်ပြိုင်တဲ့ နောက်ဆုံးဥရောပ ချန်ပီယံရှစ်ပြိုင်ပွဲ ဖြစ်လာနိုင်ဖွယ်ရှိလို့ အသက်-၃၉ နှစ်အရွယ်တိုက်စစ်မှူးကြီးက မော်ရင်ဟိုကိုယ်တိုင် အလေးအနက်ထား စောင့်ကြည့်သွားမယ့် ကစားသမားသုံးဦးအနက် တစ်ဦးအဖြစ် ပါဝင်လာခဲ့ပါတယ်။

ဖီနာဘာချီ နည်းပြသစ်တာဝန်ရယူတော့မယ့် ပေါ်တူဂီသားက ဂျာမနီရဲ့တိုနီခရူးစ်၊ ခရိုအေးရှားရဲ့လူကာမိုဒရစ်တို့ကိုလည်း အနီးကပ်စောင့်ကြည့်သွားဖို့ လိုလားနေပါတယ်။

မော်ရင်ဟိုက “ယူရိုကို ဝမ်းပန်းတနည်းဖြင့် စောင့်ကြည့်နေရတဲ့ကိစ္စလား? ဘာကြောင့် အခုလိုဖြစ်နေလဲဆိုတော့ အခုတကြိမ်ပြိုင်ပွဲဟာ တိုနီခရူးစ်၊ မိုဒရစ်နဲ့ စီရော်နယ်ဒိုတို့ ပါဝင်ယှဉ်ပြိုင်တဲ့ နောက်ဆုံးယူရိုပြိုင်ပွဲကြီးဖြစ်လိမ့်မယ်လို့ ကျွန်တော်ယုံကြည်ထားလို့ပါပဲ။ သူတို့လို ကစားသမားတွေကို ကျွန်တော်တို့ မကြာခဏတွေ့မြင်ရဖို့ဆိုတာ မဖြစ်နိုင်တာကြောင့် အခုလို ဝမ်းနည်းတသသဖြစ်တယ်လို့ ပြောရတာပါ”လို့ ရှင်းပြပါတယ်။

အယ်လ်နာဆာတိုက်စစ်မှူးကြီးကလည်း သူ့ရဲ့အသင်းဟာ အခုယူရိုပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ ထိုက်တန်ပါတယ်လို့ ယုံကြည်နေပါတယ်။

စီရော်နယ်ဒိုက “အခုလိုတောက်ပနေတဲ့ ဒီမျိုးဆက်က ပြိုင်ပွဲတစ်ခုမှာ ဗိုလ်စွဲဖို့ ထိုက်တန်တယ်လို့ ကျွန်တော် ယုံကြည်ထားပါတယ်။ အနည်းဆုံး ဆီမီးဖိုင်နယ်အထိ တက်ရောက်နိုင်ဖို့လား? ကျွန်တော်တို့တွေ ဒီထက်ပိုပြီးရှေ့ဆက်နိုင်မယ်လို့ မျှော်လင့်မိပါတယ်။ ကျွန်တော်တို့တွေ တဆင့်ချင်းစီပဲ ရှေ့ဆက်သွားရပါမယ်။ အခုလိုအခိုက်အတန့်မျိုးမှာ တည်တည်ငြိမ်ငြိမ်နဲ့ ကိုယ့်အလုပ်ကို အကောင်းဆုံးကြိုးစားကာ အောင်ပွဲရဖို့ဖြစ်နိုင်ခြေရှိတယ်ဆိုတာ ယုံကြည်ထားရပါမယ်။ ဒါက ကာလတိုပြိုင်ပွဲတစ်ခုပဲဆိုတာ ကျွန်တော်တို့ သိထားပါတယ်။ ဒါပေမယ့် အသင်းဘက်ကလည်း အဆင်သင့်ဖြစ်နေပါပြီ”လို့ ပြောပါတယ်။

နောက်ထပ်နိုင်ငံတကာအဆင့်ပြိုင်ပွဲကြီးမှာ ပေါ်တူဂီအသင်းကို ကိုယ်စားပြုသွားမယ့် အလားအလာနဲ့ပတ်သက်လို့ သူက “ကျွန်တော် ဘောလုံးကို ပျော်ပျော်ရွှင်ရွှင်ကစားပါတယ်။ စံချိန်မှတ်တမ်းတွေက ရည်မှန်းချက်မဟုတ်ပေမယ့် သဘာဝကျကျပေါ်ပေါက်လာတဲ့ အကျိုးဆက်တစ်ခုပဲ ဖြစ်ပါတယ်။ ဒါက ကျွန်တော့်ရဲ့ခြောက်ကြိမ်မြောက် ဥရောပချန်ပီယံရှစ်ပြိုင်ပွဲဖြစ်ပါတယ်။ တက်နိုင်သမျှ အကောင်းဆုံးနည်းလမ်းနဲ့ ဘောလုံးကို အကောင်းဆုံးကစားပြီး အသင်းအနိုင်ရရှိရေး ကြိုးစားသွားပါမယ်”လို့ ပြောပါတယ်။

ပေါ်တူဂီအသင်းက ဒီနေ့မနက်ပိုင်း အုပ်စုအဖွင့်ပွဲစဉ်မှာ ချက်အသင်းကို အနိုင်ရရှိခဲ့ပြီး တူရကီ၊ ဂျော်ဂျီယာတို့နဲ့ ဆက်လက်ယှဉ်ပြိုင်ကစားသွားရပါမယ်။