မန်စီးတီးကို တန်းဆင်းစေချင်နေတဲ့အထဲ မော်ရင်ဟိုလည်းပါနေပြီဆိုပြီး ပြန်လည်တုံ့ပြန်လိုက်တဲ့ ဂွါဒီယိုလာ
မန်စီးတီးနည်းပြ ပက်ဂွါဒီယိုလာက ဟိုဆေးမော်ရင်ဟိုရဲ့ စွဲချက်၁၁၅ချက်နဲ့ပတ်သက်တဲ့ ခနဲ့တဲ့တဲ့ပြောမှုအပေါ် ပြန်လည်တုံ့ပြန်သွားခဲ့ပါတယ်။ ဂွါဒီယိုလာက လီဗာပူးနဲ့ပွဲစဉ်မှာ လက်ခြောက်ချောင်းထောင်ပြခဲ့အပြီး မော်ရင်ဟိုရဲ့အပြုအမူကိ အတုခိုင်းတယ်ဆိုတဲ့အပေါ်"ကျွန်တော်က ဖလားခြောက်လုံးရတယ်။ မော်ရင်ဟိုက သုံးလုံးပဲရတာပါ။"ဆိုပြီး ပြောခဲ့ပါတယ်။
မနေ့ကတော့ မော်ရင်ဟိုက ဂွါဒီယိုလာကို ပြန်လည်ထိုးနှက်တဲ့အနေနဲ့ သူဟာ ဖလားသုံးလုံးကို မျှမျှတတ သန့်သန့်ရှင်းရှင်းရခဲ့တာဖြစ်ပြီး အမှုပေါင်း ၁၁၅ခုလောက်နဲ့တော့ ဖလားမယူချင်ကြောင်း ပြောသွားခဲ့ပါတယ်။ အဆိုပါ မှတ်ချက်အပေါ် ဂွါဒီယိုလာက ခရစ္စတယ်ပဲလေ့စ်နဲ့ပွဲမတိုင်ခင် သတင်းစာရှင်းလင်းပွဲမှာ ပြန်လည်တုံ့ပြန်သွားခဲ့ပြန်ပါတယ်။
ဂွါဒီယိုလာက "ကျွန်တော် ဟိုဆေးကိုလည်း ဒီစကားပဲ ပြောချင်ပါတယ်။ အပြစ်ရှိတယ်ဆိုပြီး သက်သေမပြနိုင်မချင်း ကျွန်တော်တို့က အပြစ်ကင်းပါတယ်။ ကျွန်တော်က နောက်ပြောင်ပြီး ပြောလိုက်တာဖြစ်ပေမယ့် သူက မန်စီးတီးကို လိဂ်ဝမ်း ဒါမှမဟုတ် အပျော်တမ်းလိဂ်ကို ရောက်စေချင်တဲ့သူတွေထဲ ပါနေခဲ့တာကို တွေ့ရပါတယ်။
ဒီအမှုတွေမှာ ဘာတွေဖြစ်လာမလဲ စောင့်ကြည့်ကြတာပေါ့။ ကျွန်တော်က မန်စီးတီး၊ သူက ချဲလ်ဆီးအသင်းကို ကိုင်တွယ်ရင်း ဆာအဲလက်စ်ဖာဂူဆန်၊ အာစင်ဝင်းဂါးတို့နဲ့ ယှဉ်ပြိုင်ကာ ဇယားထိပ်မှာ ဦးဆောင်နိုင်အောင် စွမ်းဆောင်ခဲ့ပါတယ်။ ကျွန်တော်ပြောတာ ဟုတ်တယ်မလား။ နှစ်တွေအကြာကြီး ကျွန်တော်တို့ ဖလားတွေအများကြီးရခဲ့ကြပါတယ်။
ကျွန်တော် သူ့ကို ရန်စသလိုဖြစ်ခဲ့ရင် တောင်းပန်ပါတယ်။ အဲ့ဒီလိုပြောလိုက်တာက တကယ်ကို နောက်ပြောင်လိုက်တာပါ။ သူက ဖလားသုံးကြိမ်၊ ကျွန်တော်က ခြောက်ကြိမ်ရခဲ့တယ်ဆိုတာက မှတ်တမ်းတစ်ခုပါ။ ဒီနိုင်ငံက သူတစ်ယောက်နဲ့ ကမ္ဘာက အခြားသူတွေကလည်း ကျွန်တော်တို့ကို တန်းဆင်းစေချင်နေကြပါတယ်။
အဲ့ဒါက အဆင်ပြေပါတယ်။ ကျွန်တော် အမြဲပြောခဲ့သလို အမိန့်ချမှတ်တာကို စောင့်ပေးကြပါ။ အားလုံးက အပြစ်ရှိကြောင်း သက်သေမပြနိုင်ခင် အပြစ်ကင်းကြပါတယ်။"လို့ ပြောခဲ့ပါတယ်။ မန်စီးတီးအသင်းဟာ ယနေ့ညမှာ ခရစ္စတယ်ပဲလေ့စ်နဲ့ အဝေးကွင်းပွဲစဉ် ဆက်ကစားရမှာ ဖြစ်ပါတယ်။