ယူရိုပြိုင်ပွဲမှာ အင်္ဂလန်အတွက်ပါဝင်ခွင့်မရခဲ့လို့ အသည်းကွဲခဲ့ရတယ်လို့ ထုတ်ဖော်ပြောကြားလာတဲ့ ဂရီးလစ်ရှ်
မန်ချက်စတာစီးတီးတောင်ပံကစားသမား ဂျက်ဂရီးလစ်ရှ်က ပြီးခဲ့တဲ့ ယူရို ၂၀၂၄ ပြိုင်ပွဲမှာ အင်္ဂလန်အသင်းအတွက် ပါဝင်ခွင့်မရခဲ့တဲ့အတွက် အသည်းကွဲခဲ့ရကြောင်းနဲ့ လာမယ့်ရာသီမှာတော့ သူ့ကိုယ်သူ သက်သေပြနိုင်ဖို့ ကြိုးစားသွားမယ်လို့ ထုတ်ဖော်ပြောကြားလာခဲ့ပါတယ်။ ကစားသမားဟာ အင်္ဂလန်အသင်းလူစာရင်းမှ ထုတ်ပယ်ခံခဲ့ရခြင်းကို လောင်စာအဖြစ်အသုံးချကာ သူ့ရဲ့ခြေစွမ်းအပေါ် သံသယရှိနေသူတွေကို သက်သေပြဖို့ ကြိုးစားသွားမှာဖြစ်ပါတယ်။
ဂရီးလစ်ရှ်ဟာ မန်စီးတီးနဲ့အတူ ပရီးမီးယားလိဂ်ဖလားကို ၄ နှစ်ဆက်တိုက် ဆွတ်ခူးနိုင်ခဲ့ပေမယ့် ဂါရတ်ဆောက်ဂိတ်ရဲ့အသင်းမှာတော့ ရွေးချယ်ခြင်းမခံခဲ့ရပါဘူး။ ယခုအခါမှာတော့ အသက်-၂၈ နှစ်အရွယ် ကစားသမားဟာ နိုင်ငံတကာပြိုင်ပွဲတွေကြောင့် အသင်းနဲ့ပူးပေါင်းနိုင်ခြင်းမရှိသေးတဲ့ အသင်းဖော်တွေထက် ၂ ပတ်စောပြီး လေ့ကျင့်ရေးအစီအစဉ်တွေကို ပြုလုပ်ထားနိုင်တာဖြစ်ပါတယ်။
ဂရီးလစ်ရှ်က “ကျွန်တော် လေ့ကျင့်ရေးကောင်းကောင်းလုပ်ဖို့လိုပြီး အကောင်းဆုံးပြင်ဆင်ထားဖို့လိုပါတယ်။ ပြီးတော့ ကျွန်တော့်ရဲ့ပုံစံအမှန်ကို ပြန်ပြသွားပါမယ်။ မကြာသေးမီအချိန်တွေက ကျွန်တော့်ရဲ့ကစားသမားဘဝတစ်လျှောက် အခက်ခဲဆုံးကာလတွေဖြစ်ခဲ့ပြီး အသည်းကွဲခဲ့ရပါတယ်။ အင်္ဂလန်အသင်းမှာ ပါဝင်ခွင့်မရခဲ့တာက ဝမ်းနည်းစရာကောင်းပြီး ဒါကို တွန်းအားတစ်ခုအနေနဲ့ အသုံးချသွားပါမယ်။ လွန်ခဲ့တဲ့ ၂ နှစ်လောက်က ရှိခဲ့တဲ့ စိတ်ဓာတ်မျိုးပြန်လည် ထူထောင်နိုင်ဖို့ ကြိုးပမ်းသွားပါမယ်။ ကျွန်တော့်ရဲ့ပထမဆုံး မန်စီးတီးကစားသမားဘဝမှာ ကျွန်တော်ထင်သလောက် မစွမ်းဆောင်နိုင်ခဲ့ပေမယ့် ဒုတိယရာသီမှာတော့ ပွဲတွေအများကြီးကစားခဲ့ရပါတယ်။ ကျွန်တော် ပိုပြီးသန်မာလာချင်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။
မန်စီးတီးနည်းပြ ပက်ဂွါဒီယိုလာကလည်း အမေရိကမှာ ရှုံးနိမ့်ခဲ့တဲ့ ရာသီကြိုခြေစမ်းပွဲစဉ် ၂ ပွဲစလုံးမှာ အသင်းအတွက် ပါဝင်ကစားခဲ့တဲ့ ဂရီးလစ်ရှ်ဟာ အကောင်းဆုံးပုံစံပြန်ရလာလိမ့်မယ်လို့ အခိုင်အမာထောက်ခံထားပါတယ်။
ဂွါဒီယိုလာက “သံသယဝင်စရာမရှိပါဘူး။ သူ့ရဲ့အပြုအမူတွေ၊ လေ့ကျင့်ပုံတွေနဲ့ စိတ်ဓာတ်ပိုင်းပြင်ဆင်မှုတွေကိုကြည့်ရင် သူက ကျွန်တော်တို့သိတဲ့ ဂရီးလစ်ရှ်ဖြစ်နေပါပြီ။ ကျွန်တော်တို့ သူ့ကိုလိုအပ်ပြီး သူကလည်း အကောင်းဆုံးပြန်လာတော့မှာပါ” လို့ ပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီး ဂရီးလစ်ရှ်က “ကျွန်တော် ကွင်းပြင်ပပြဿနာတွေနဲ့လည်း ကြုံတွေ့ခဲ့ရပါတယ်။ လူတွေကတော့ ဒါတွေကို မြင်မှာမဟုတ်ပါဘူး။ သူတို့က ကျွန်တော်တို့ကို စက်ရုပ်တွေလို သဘောထားတာပါ။ ဒါပေမယ့် ကျွန်တော်တို့မှာလည်း ဘဝတွေရှိနေပါတယ်။ ဒါတွေကို နားလည်အောင်ပြောဖို့ခက်ပါတယ်။ ကျွန်တော် ကွင်းပြင်ပ ပြဿနာတွေနဲ့ကြုံတွေ့ခဲ့ရပြီး ဖြေရှင်းဖို့ ခက်ခဲခဲ့ပါတယ်။ ကျွန်တော်က ငတုံးမဟုတ်ပါဘူး။ ဒီရာသီမှာ ဘာတွေလုပ်နိုင်ဖို့ လိုအပ်နေလဲဆိုတာ သိပါတယ်။ ကိုယ့်ကိုယ်ကိုယ် ကစားသမားကောင်းတစ်ယောက်လို့ သတ်မှတ်ထားပြီး ကြံ့ခိုင်မှုနဲ့ အကောင်းဆုံးပုံစံပြန်ရဖို့ ကိုယ်တိုင်လုပ်နိုင်တယ်ဆိုတာ ကျွန်တော်သိပါတယ်” လို့ ပြောကြားခဲ့ပါတယ်။