
ဖလော်ရီယန်ဝစ်ဇ်ထက် ဇာခါထွက်ခွာမှုကြောင့် ပိုပြီးထိခိုက်လိမ့်မယ်လို့ ထုတ်ပြောလာတဲ့ ပက်ထရစ်ရှခ်
ပက်ထရစ်ရှခ်က ဖလော်ရီယန်ဝစ်ဇ်၊ ဖရင်းပေါင်၊ ဂျိုနသန်တာတို့ထက် ဇာခါ ထွက်သွားမှုကြောင့် လေဗာကူဆင်အသင်း ပိုပြီးထိခိုက်စေလိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။ လေဗာကူဆင်က အခုနွေရာသီအပြောင်းအရွှေ့ဈေးကွက်အတွင်း အဓိကကစားသမားလေးဦးကို ဆုံးရှုံးခဲ့ပါတယ်။ ကလပ်အသင်းရဲ့လတ်တလောနှစ်တွေအတွင်းအောင်မြင်မှုအခန်းကဏ္ဍမှာ ဖလော်ရီယန်ဝစ်ဇ်၊ ဇာခါ၊ ဂျိုနသန်တာနဲ့ ဖရင်းပေါင်တို့က အဓိကအစိတ်အပိုင်းတွေအဖြစ် ပါဝင်ခဲ့ကြပေမယ့် အခုအချိန်မှာတော့ သူတို့အားလုံး ၂၀၂၃-၂၀၂၄ ဘောလုံးရာသီ၊ ဘွန်ဒက်စ်လီဂါချန်ပီယံတွေဆီမှ ထွက်ခွာသွားကြပါပြီ။ ပက်ထရစ်ရှခ်ကတော့ အသင်းလူစာရင်းပိုင်းရဲ့အကောင်းဆုံးကစားသမားအဖြစ် ဖလော်ရီယန်ဝစ်ဇ်ကို သတ်မှတ်ကောင်းသတ်မှတ်နိုင်ပေမယ့် အသင်းအတွက် ဇာခါရဲ့ဦးဆောင်မှုနဲ့ အတွေ့အကြုံပိုင်းကိုသာ အများဆုံးဆုံးရှုံးသွားခဲ့တာပါလို့ ပြောကြားခဲ့ပါတယ်။
Sky Sport နဲ့တွေ့ဆုံချိန် တိုက်စစ်မှူးက “ အခုတော့ ဖရင်းပေါင်၊ ဖလော်ရီယန်ဝစ်ဇ်၊ ဂျိုနသန်တာနဲ့ ဇာခါတို့လို အဓိကကစားသမားအချို့ထွက်ခွာသွားပါပြီ။ ဒီလိုအဓိကကစားသမားတွေထွက်ခွာသွားမှုကြောင့် အရမ်းနာကျင်ရပါတယ်။ ပိုကောင်းတဲ့ကစားသမားအချို့ကို ခေါ်ယူနိုင်လိမ့်မယ်လို့လည်း မျှော်လင့်မိပါတယ်။ ဘာကြောင့်လဲဆိုတော့ အခုအချိန်မှာ ကျွန်တော်တို့က ချန်ပီယံဆုအတွက် ယှဉ်ပြိုင်နိုင်မယ့် အခြေအနေတစ်ခု မရှိနေသေးလို့ပဲ ဖြစ်ပါတယ်။ တိုက်စစ်မှူးတစ်ဦးဖြစ်တဲ့ ကျွန်တော့်အတွက် ဖလော်ရီယန်ဝစ်ဇ်သာ အရေးအကြီးဆုံးကစားသမား ဖြစ်ခဲ့ပါတယ်။ သူက ကျွန်တော့်ဆီ ဘောလုံးပေးပို့နိုင်စွမ်း ရှိသလို အခွင့်အရေးတွေလည်း ဖန်တီးပေးနိုင်ပါတယ်။ ဒါက ဆုံးရှုံးမှုကြီးတစ်ခုပါ။ ဖလော်ရီယန်ဝစ်ဇ်ကို ကျွန်တော်တို့ အစားမထိုးနိုင်ပါဘူး။ သူလိုကစားသမားမျိုးပြန်လည်ရှာဖွေဖို့ဆိုတာ အလွန်ခက်ခဲပါတယ်။ အခုတော့ သူ့ရဲ့နေရာကို ဖြည့်ဆည်းပေးဖို့ အသင်းတစ်ခုလုံးမှာ တာဝန်ရှိလာပါပြီ။ ပြီးရင် သူ့နေရာမှာ အစားထိုးဖို့ နောက်ထပ်နည်းလမ်းတစ်ခု ရှာဖွေရပါမယ်။ အမှန်ပါပဲ၊ ဒါက ပြဿနာတစ်ခုဆိုပေမယ့် အရှိတရား ဖြစ်ပါတယ်။
ဒါပေမဲ့ အသင်းတစ်ခုလုံးအတွက်ဆိုရင်တော့ ဇာခါက အရေးအကြီးဆုံးကစားသမား ဖြစ်ပါတယ်။ အခု ဇာခါလည်း ထွက်ခွာသွားပါပြီ။ ဇာခါက ခေါင်းဆောင်တစ်ဦးဖြစ်သလို အတွေ့အကြုံအရင့်ဆုံးကစားသမားလည်း ဖြစ်ပါတယ်။ ဒါကြောင့် အသင်းအတွက် အရေးအကြီးဆုံးကစားသမားဖြစ်နေတယ်ဆိုတာ ရိုးရှင်းလွန်းပါတယ်။ သူနဲ့အတူ ကိစ္စတိုင်းကို ကောင်းကောင်းလက်တွဲလုပ်ကိုင်နိုင်ခဲ့ပါတယ်။ ကျွန်တော့်အမြင်အရ ဒါက အကြီးမားဆုံး,ဆုံးရှုံးမှုတစ်ခု ဖြစ်ပါတယ်။ အခုတော့ တခြားကစားသမားတွေအတွက် အချိန်ကျလာပြီဖြစ်လို့ ကစားသမားသစ်တွေနဲ့ အသင်းမှာကျန်နေခဲ့သူတွေက အချင်းချင်းခွန်အားတွေပြန်လည်ပေးစွမ်းပြီး စရိုက်လက္ခဏာကောင်းတွေ ပြသသွားရပါမယ်”လို့ ဆိုပါတယ်။
ဖလော်ရီယန်ဝစ်ဇ်က ပြီးခဲ့တဲ့ဘောလုံးရာသီမှာ ပြိုင်ပွဲစုံ ၁၆ ဂိုးသွင်းယူပြီး ဂိုးဖန်တီးမှု ၁၅ ကြိမ်ပြုလုပ်ခဲ့လို့ လေဗာကူဆင်ရဲ့အငြင်းပွားဖွယ်မရှိဟီးရိုးတစ်ဦး ဖြစ်ခဲ့ပါတယ်။ သူထွက်ခွာသွားမယ်ဆိုတာ ကာလရှည်သိထားခဲ့ပေမယ့် ဇာခါကိုတော့ အစောပိုင်းမှာ အေစီမီလန်ဆီရောင်းချဖို့ ကြိုးပမ်းခဲ့ပေမယ့် နောက်ပိုင်းမှာ ဆက်ထိန်းသွားဖို့ ဂျာမန်ကလပ်အသင်း ကြိုးစားခဲ့ပါတယ်။ နည်းပြသစ်တန်ဟက်ကိုယ်တိုင် ဇာခါကို ရောင်းချမှာမဟုတ်ဘူးလို့ အခိုင်အမာပြောကြားခဲ့ပေမယ့် ဆွစ်ဇာလန်ကွင်းလယ်ကစားသမားကတော့ အခုသီတင်းပတ်အတွင်း ပရီးမီးယားလိဂ်တန်းတက်အသင်းဖြစ်တဲ့ ဆန်းဒါးလန်းဆီ ရောက်ရှိသွားခဲ့ပါပြီ။
နည်းပြသစ်အဲရစ်တန်ဟက်လက်အောက် ပြန်လည်တည်ဆောက်နေတဲ့ လေဗာကူဆင်အသင်းက ဖလက်ကင်၊ မာဇာ၊ ကွင်ဆာ၊ တေးလ်မန်း၊ ကိုဖာနီတို့လို မျက်နှာသစ်ကစားသမားတွေကို ခေါ်ယူထားပါတယ်။ အခုလို အပြောင်းအလဲများစွာပြုလုပ်ထားပေမယ့် ဂျာမန်ကလပ်အသင်းက ဘွန်ဒက်စ်လီဂါချန်ပီယံဆုအတွက် ဘိုင်ယန်မြူးနစ်ကိုစိန်ခေါ်နိုင်ဖို့ မျှော်လင့်နေပါလိမ့်မယ်။