The network connection is lost.

Banner Image

လက်စတာနဲ့အတူ ပရီးမီးယားလိဂ်သို့ ပြန်လာဖို့နီးစပ်နေတဲ့ ဂရေဟမ်ပေါ်တာ

ချဲလ်ဆီးနဲ့ ဘရိုက်တန်နည်းပြဟောင်း ဂရေဟမ်ပေါ်တာဟာ မာရက်စ်ကာကို လက်လွှတ်လိုက်ရတဲ့ လက်စတာသို့ ရောက်ရှိဖို့ နီးစပ်နေတယ်လို့ သတင်းတွေ ထွက်ပေါ်နေတာကြောင့် မကြာမီမှာပဲ ပရီးမီးယားလိဂ်သို့ပြန်လည် ရောက်ရှိလာဖွယ်ရှိနေပါတယ်။

စတန်းဖို့ဒ်ဘရစ်ချ်မှာ ရုန်းကန်ခဲ့ရပြီးနောက် ပြီးခဲ့တဲ့နှစ် ဧပြီလမှာ ချဲလ်ဆီးကနေ ထုတ်ပယ်ခံခဲ့ရတဲ့ ဂရေဟမ်ပေါ်တာဟာ လက်ရှိအချိန်အထိ အသင်းလက်မဲ့ဖြစ်နေပြီး သင့်တော်မယ့်အသင်းကိုရှာဖွေနေဆဲဖြစ်ပါတယ်။ ကမ်းလှမ်းမှုအများအပြားကို လက်ခံရရှိထားပေမယ့် ပေါ်တာဟာ အမှန်ကန်ဆုံးဖြစ်မယ့်အသင်းကို စောင့်မျှော်နေဆဲဖြစ်တာကြောင့် ယခုအခါမှာတော့ ပရီးမီးယားလိဂ်ကို ပြန်တန်းတက်လာတဲ့လက်စတာကို ကိုင်တွယ်ဖို့နီးစပ်နေပြီလို့ သိရပါတယ်။

The Sun ရဲ့အဆိုအရ ပေါ်တာဟာ လက်စတာသို့ပြောင်းရွှေ့ဖို့ ကနဦးဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပြီးဖြစ်တယ်လို့သိရပါတယ်။ ဆွေးနွေးမှုတွေက အဆင်ပြေပုံပေါ်ခဲ့တာကြောင့် လက်ရှိအချိန်မှာတော့ ပေါ်တာဟာ အသင်းသစ်ကို စတင်ကိုင်တွယ်ဖို့ စိတ်အားထက်သန်နေတယ်လို့ သတင်းတွေက ဖော်ပြလာခဲ့ပါတယ်။ လက်စတာဟာ ပြီးခဲ့တဲ့ရာသီမှာ ချန်ပီယံရှစ်အောင်မြင်မှုရယူခဲ့တာကြောင့် ပရီးမီးယားလိဂ်သို့ပြန်လည် တန်းတက်လာနိုင်ခဲ့သော်လည်း အသင်းရဲ့ပဲ့ကိုင်ရှင် မာရက်စ်ကာက ချဲလ်ဆီးသို့ ပြောင်းရွှေ့သွားခဲ့တာကြောင့် နည်းပြနေရာမှာ လစ်လပ်နေဆဲ ဖြစ်ပါတယ်။

မန်နေဂျာရာထူးအတွက် လက်စတာဟာ နော်တင်ဟမ်ဖောရက်စ်နည်းပြဟောင်း စတိဗ်ကူပါ၊ ဝက်စ်ဘရွန်းနည်းပြ ကားလို့စ်ကော်ဘာရန်တို့အပါအဝင် အခြားနည်းပြအများအပြားကို ပစ်မှတ်ထားခဲ့တာဖြစ်ပါတယ်။ သို့သော်လည်း နောက်ဆုံးမှာတော့ လက်စတာဟာ ပေါ်တာကိုသာ အကောင်းဆုံး ရွေးချယ်မှုဖြစ်တယ်လို့ ယူဆခဲ့ပါတယ်။ လက်စတာအနေနဲ့ ပေါ်တာရဲ့ ဘရိုက်တန်မှာ လုပ်ပြခဲ့တဲ့ စွမ်းဆောင်ရည်၊ တည်ငြိမ်မှုနဲ့ အတွေ့အကြုံအရည်အသွေးတွေကို သဘောကနှစ်ခြိုက်တယ်လို့ သိရပါတယ်။

ပေါ်တာကိုခန့်အပ်ဖို့ စိတ်အားထက်သန်နေပေမယ့် လက်စတာဟာ ဘဏ္ဍာရေးကဏ္ဍမှာတော့ ရုန်းကန်နေရတာဖြစ်ပါတယ်။ ကလပ်ဟာ FFP စည်မျဉ်းတွေကို ချိုးဖောက်ခဲ့တယ်လို့ စွပ်စွဲခံထားရတာကြောင့် ရမှတ်လျှော့ပြစ်ဒဏ်ကို ခံယူရဖွယ်ရှိနေတယ်လို့ သတင်းတွေက ဖော်ပြထားပါတယ်။ တကယ်လို့ ဒီအခြေအနေတွမှာသာ လက်စတာကိုစတင်ကိုင်တွယ်မယ်ဆိုရင်တော့ ပေါ်တာအတွက် အခက်အခဲတွေနဲ့ကြုံတွေ့ရနိုင်ချေရှိနေပါတယ်။

ပေါ်တာဟာ ချဲလ်ဆီးကနေထွက်ခွာခဲ့ပြီးကတည်းက ဘယ်အသင်းကိုမှ ကိုင်တွယ်ခြင်းမရှိသေးဘဲ မကြာသေးမီက အေဂျက်စ်နဲ့ ဘရိုက်တန်တို့ရဲ့ ကမ်းလှမ်းမှုတွေကိုလည်း ငြင်းပယ်ခဲ့တာဖြစ်ပါတယ်။ တကယ်လို့ ပေါ်တာအနေနဲ့ လက်စတာကိုကိုင်တွယ်ဖို့ သဘောတူညီမှုရခဲ့မယ်ဆိုရင်တော့ ဩဂုတ်လ ၁၉ ရက်နေ့မှာစတင်ကျင်းပမယ့် ပရီးမီးယားလိဂ်ပြိုင်ပွဲအတွက် အခုကတည်းက ပြင်ဆင်မှုတွေစတင်ပြုလုပ်သွားရတော့မှာဖြစ်ပါတယ်။