The network connection is lost.

Banner Image

အက်စ်တိုးနီးယားကို အနိုင်ယူပြီးနောက် အီတလီအသင်းရဲ့အမှားတွေကို လျစ်လျူရှုပေးခဲ့တဲ့ ဂတ်တူဆို

အက်စ်တိုးနီးယားကို ၃-၁ ဂိုးဖြင့် အနိုင်ယူခဲ့တဲ့ပွဲစဉ်အပြီး ဂတ်တူဆိုက သူ့ရဲ့အီတလီကစားသမားတွေကျူးလွန်ခဲ့တဲ့ အမှားအချို့ကို လျစ်လျူရှုပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ အခုပွဲစဉ်မှာ ရီတီဂွီက ဂိုးမသွင်းယူနိုင်မီ အပိုင်ပယ်နယ်တီအခွင့်အရေးတစ်ကြိမ်ကို လွဲချော်ခဲ့သလို ဒွန်နာရမ်မာရဲ့အမှားမှတဆင့် အက်စ်တိုးနယားအတွက် တစ်လုံးတည်းသောချေပဂိုးကို ခွင့်ပြုပေးခဲ့ရပါတယ်။

ဒါပေမဲ့ အီတလီလက်ရွေးစင်အသင်းက ဂတ်တူဆိုလက်အောက် ပြီးပြည့်စုံတဲ့စတင်မှုကို ဆက်လက်ပြသနိုင်ခဲ့ပြီး နည်းပြသစ်လက်အောက်ပွဲစဉ်သုံးခုမှာ ၁၃ ဂိုးအထိ သွင်းယူထားနိုင်တဲ့ တိုက်စစ်ပိုင်းစွမ်းဆောင်ရည်ကိုလည်း ပိုင်ဆိုင်ထားခဲ့ပါတယ်။ အခုပွဲစဉ်ရလဒ်ပိုင်းကြောင့် အီတလီက အုပ်စုတတိယနေရာရှိ အစ္စရေးနဲ့ရင်ဆိုင်ရမယ့်ပွဲစဉ်မတိုင်ခင် အုပ်စုဗိုလ်နော်ဝေထက်၊ တစ်ပွဲလျော့၊ ခြောက်မှတ်လျော့ဖြင့် အုပ်စုဒုတိယနေရာမှာ ဆက်ရှိနေခဲ့ပါတယ်။

ဂတ်တူဆိုကတော့ အမှားအယွင်းတွေကို တဝဲလည်လည်တွေးတောပြောဆိုနေမယ့်အစား အမှားတွေမှတဆင့် သင်ယူကာ အနာဂတ်ခရီးလမ်းအတွက် တွန်းအားပေးသွားကြဖို့ သူ့ရဲ့အသင်းဆီ တိုက်တွန်းခဲ့ပါတယ်။ ဂတ်တူဆိုက “ ကျွန်တော်တို့မှာ ရည်မှန်းချက်တစ်ခု ရှိပါတယ်။ ဒါကတော့ တစ်ပွဲပြီးတစ်ပွဲ တိုးတက်လာဖို့၊ အတူတကွစည်းစည်းလုံးလုံးနဲ့ အလုပ်ကြိုးစားကြဖို့၊ ယုံကြည်မှုတည်ဆောက်သွားကြဖို့ပဲ ဖြစ်ပါတယ်။

ဒီလိုစိတ်ဓါတ်ပိုင်းမျိုးကို မြင်တွေ့လိုက်ရချိန် ကျွန်တော်တို့တွေ အမှားအယွင်းအချို့ပြုလုပ်မိတယ်ဆိုရင်တောင် အသင်းရဲ့စွမ်းဆောင်ရည်ပိုင်းနဲ့ပတ်သက်လို့တော့ အရမ်းပျော်ရွှင်ကျေနပ်မိပါလိမ့်မယ်။ ကျွန်တော်တို့တွေ ဆက်လက်တွန်းအားပေးရင်း တိုးတက်လာဖို့ မျှော်လင့်ရပါမယ်။ ဒွန်နာရမ်မာရဲ့အမှားဆိုတာလည်း အခိုက်အတန့်တစ်ခုသာသာပါပဲ။ ပြိုင်ဘက်ကို မိနစ် ၉၀ ပြည့် လွှမ်းမိုးကစားနိုင်တယ်ဆိုတာ မြင်ရခဲပါတယ်။ တစ်ခုခုဖြစ်လာမယ်ဆိုရင်လည်း အာရုံစူးစိုက်မှုရဲ့အရေးပါမှု ကို မှတ်သားထားတဲ့ ကျွန်တော်တို့အတွက် အကူအညီဖြစ်စေပါတယ်။

အရေးအကြီးဆုံးအရာကတော့ အခွင့်အလမ်းတွေ ဖန်တီးနိုင်ဖို့ပဲ ဖြစ်ပါတယ်။ ဒီအခွင့်အလမ်းတွေကို လွဲချော်နိုင်သလို ပယ်နယ်တီကာကွယ်မှုတွေလည်း မြင်တွေ့ရနိုင်ပါတယ်။ ဒါပေမဲ့ အရေးအကြီးဆုံးအရာကတော့ အခွင့်အလမ်းတွေ ရရှိနေဖို့ပဲ ဖြစ်ပါတယ်။

ကျွန်တော်တို့ရဲ့သမိုင်းကြောင်းအရ အုပ်စုဒုတိယပိုင်းပွဲစဉ်တွေမှာ ပိုမိုရုန်းကန်ရလေ့ရှိလို့ ကျွန်တော်တို့တွေ အခုပုံစံအတိုင်း ဆက်ရှိနေရပါမယ်။ ကျွန်တော်တို့အတွက် စိန်ခေါ်မှုတွေ အများကြီးပါ။ နောက်ပွဲစဉ်မှာ အနိုင်ရရှိမယ်ဆိုရင် အစ္စရေးတို့ ပြိုင်ပွဲလမ်းကြောင်းမှထွက်ခွာသွားနိုင်လို့ Play-off အတွက် ကျွန်တော်တို့တွေ တည်တည်ငြိမ်ငြိမ်နဲ့ ပြင်ဆင်သွားနိုင်ပါလိမ့်မယ်”လို့ ပြောပါတယ်။

လက်ရှိအချိန်အထိ ဂိုးကွာခြားချက်အဖြစ် ၇ ဂိုးရှိထားတဲ့ အီတလီက လက်ကျန်အုပ်စုပွဲစဉ်သုံးခုလုံးကို အနိုင်ရရှိရင်တောင် အုပ်စုဗိုလ်နော်ဝေရဲ့ဂိုးကွာခြားချက် (၂၆ ဂိုး)ကို လိုက်မီဖို့ အတော်လေးရုန်းကန်သွားရပါလိမ့်မယ်။ စည်းမျဉ်းတွေအရ အုပ်စုဗိုလ်အသင်းက ကမ္ဘာ့ဖလားခြေစစ်ပွဲ တိုက်ရိုက်အောင်မြင်ပြီး အုပ်စုဒုတိယအသင်းတွေကတော့ Play-off ဆက်လက်ယှဉ်ပြိုင်ရပါမယ်။