
လာမယ့်ယူရို ၂၀၂၄ ပြိုင်ပွဲမှာ ချဲလ်ဆီးစတား ပလ်ယ်မာ အရန်ခုံထိုင်သွားရလိမ့်မယ်လို့ ခန့်မှန်းလာတဲ့ ဂယ်ရီနဗီးလ်
ဂယ်ရီနဗီးလ်က လာမယ့် ၂၀၂၄ ယူရိုပြိုင်ပွဲမှာ အင်္ဂလန်အသင်းရဲ့တိုက်စစ်ကို ဦးဆောင်သွားမယ့် ကစားသမားတွေရဲ့နာမည်ကို ခန့်မှန်းပြောကြားလာခဲ့ပြီး ချဲလ်ဆီးအသင်းရဲ့စူပါစတား ကိုးလ်ပယ်လ်မာကတော့ အရန်ခုံမှာသာ ထိုင်သွားရလိမ့်မယ်လို့ ထင်ကြေးပေးလာခဲ့ပါတယ်။
ဂါရတ်ဆောက်ဂိတ်ရဲ့အသင်းဟာ ယခုနှစ်ယူရိုပြိုင်ပွဲမှာ သေချာပေါက်ဗိုလ်စွဲနိုင်ဖို့အတွက် အကောင်းဆုံးပြင်ဆင်လာမှာဖြစ်တာကြောင့် ၁၉၆၆ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် အင်္ဂလန်အသင်းအတွက် အဓိကဆုဖလားကို ဆွတ်ခူးပေးနိုင်ဖို့အလားအလာရှိနေပါတယ်။ ဒီပြိုင်ပွဲအတွက် အင်္ဂလန်အသင်းရဲ့တိုက်စစ်ပိုင်းမှာ ပါဝင်ကစားသွားမယ့် ကစားသမားတွေကတော့ ဟယ်ရီကိန်း၊ ဖီးလ်ဖိုဒန်၊ ဘူကာယိုဆာကာ၊ ဂျူဒ်ဘယ်လင်ဟမ်နဲ့ ကိုးလ်ပယ်မာတို့ ပါဝင်နေပြီး ကြယ်ပွင့်တွေအနေနဲ့ နေရာရရှိဖို့အတွက် အပြိုင်အဆိုင်ကြိုးစားလာကြမှာဖြစ်ပါတယ်။
ပယ်လ်မာအနေနဲ့ စနေနေ့မှာထုတ်ပြန်မယ့် အင်္ဂလန်အသင်းရဲ့ ယူရိုပြိုင်ပွဲအတွက် နောက်ဆုံးကစားသမား ၂၆ ဦးစာရင်းမှာ ပါဝင်ဖို့က သေချာသလောက်ဖြစ်နေပေမယ့် ပွဲထွက်ကစားခွင့်ရပါ့မလားဆိုတာကတော့ မသေချာတဲ့အခြေအနေမှာရှိနေပါတယ်။ သို့သော်လည်း ပြီးခဲ့တဲ့ တနင်္လာနေ့ညက ဘော့စနီးယားကို ၃-၀ နဲ့အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာ အသက်-၂၂ နှစ်အရွယ် ကစားသမားက အင်္ဂလန်အတွက် အနိုင်ဂိုး ၁ ဂိုး သွင်းယူပေးနိုင်ခဲ့တာကြောင့် ယူရိုမှာ ပွဲထွက်ခွင့်ရနိုင်ချေရှိနေတာလည်းဖြစ်ပါတယ်။ ယခုအခါမှာတော့ မန်ချက်စတာယူနိုက်တက်နဲ့ အင်္ဂလန်နောက်ခံလူဟောင်း ဂယ်ရီနဗီးလ်က ပယ်မာက ပွဲထွက်ရမှာမဟုတ်ကြောင်းနဲ့ ဆာကာနဲ့ ဖိုဒန်တို့နောက် အရန်ကစားသမားအဖြစ်သာ ပါဝင်ခွင့်ရသွားလိမ့်မယ်လို့ ဟောကိန်းထုတ်လာခဲ့ပါတယ်။ နဗီးလ်ရဲ့ခန့်မှန်းချက်အရ အင်္ဂလန်အသင်းရဲ့ ရှေ့တန်း ၃ ယောက်တွဲမှာ ဟယ်ရီကိန်းက မြှားဦးမှာရှိနေပြီး ဖိုဒန်က ဘယ်တောင်ပံနဲ့ ဆာကာ ညာတောင်ပံမှာရှိနေတာဖြစ်ပါတယ်။
နောက်ခံလူဟောင်းက “ဆောက်ဂိတ်အတွက် မေးခွန်းက သူ့အနေနဲ့ အသင်းရဲ့ ကြယ်ပွင့်ကစားသမားတွေကို ကွင်းထဲမှာ ဘယ်လို ဟန်ချက်ညီညီနေရာချမလဲဆိုတာပါပဲ။ သူ့အနေနဲ့ အသင်းရဲ့ကစားသမားတိုင်းကို ပျော်ရွှင်အောင် လုပ်ပေးနိုင်မှာတော့မဟုတ်ပါဘူး။ ဘော့စနီးယားကို အနိုင်ရခဲ့တဲ့ပွဲစဉ်အပြီးမှာတော့ သူ့အတွက် ပိုပြီး ရှုပ်ထွေးလာနိုင်ပါတယ်” “တိုက်စစ်မှူးနေရာမှာတော့ ဟယ်ရီကိန်းက သေချာပေါက်ရှိနေမှာပါ။ ပြီးတော့ ဘယ်လင်ဟမ်က နံပါတ် ၁၀ နေရာမှာ ကစားပါလိမ့်မယ်။ ဆာကာကလည်း သူ့ရဲ့အကျွမ်းကျင်ဆုံးနေရာဖြစ်တဲ့ ညာတောင်ပံနေရာမှာ ပါဝင်လာမှာပါ။ ပြီးတော့ ဖိုဒန်ကလည်း တစ်နှစ်တာအကောင်းဆုံး ကစားသမားဆုရထားတာပါ။ သူကစားတဲ့နေရာက ဘယ်လင်ဟမ်နဲ့ သွားတူနေပါတယ်။ အင်္ဂလန်မှာ ဘယ်သန်ကစားသမား ၃ ယောက်အထိရှိနေပါတယ်။ ဒါကြောင့် ဖိုဒန်အနေနဲ့ ဒီရာသီမှာ သူဆော့နေကျပုံစံအတိုင်း ဘယ်တောင်ပံမှာ ကစားနိုင်ဖို့ ရှိနေပါတယ်” လို့ ပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီးနဗီးလ်က ပယ်လ်မာကို ၁၉၉၈ ခုနှစ်မှာ အင်္ဂလန်အတွက် လူစားဝင်ကစားသမားအဖြစ် ပါဝင်ကစားရင်း ထွန်းတောက်လာတဲ့ မိုက်ကယ်အိုဝင်နဲ့ နှိုင်းယှဉ်မှုတွေပြုလုပ်လာခဲ့ပါတယ်။ အင်္ဂလန်အသင်းအတွက် ၈၅ ပွဲအထိပါဝင်ခွင့်ရခဲ့တဲ့ နောက်ခံလူဟောင်းက “ပယ်မာရဲ့ လက်ရှိအခြေအနေက ၁၉၉၈ ခုနှစ်က အိုဝင်လိုအခြေအနေဖြစ်နေပါတယ်။ ပယ်မာက လူစားဝင်ကစားသမားအဖြစ်သာ ပါဝင်နိုင်ပေမယ့် ပွဲချိန်အတွင်းမှာ မထည့်လို့မဖြစ်တဲ့ ခြေစွမ်းမျိုးကို ပိုင်ဆိုင်ထားပါတယ်။ ဒါကြောင့် ပယ်လ်မာသာ ချဲလ်ဆီးမှာလုပ်ပြခဲ့သလိုမျိုး အင်္ဂလန်မှာ ဂိုးတွေ သွင်းပေးနိုင်မယ်ဆိုရင်တော့ ဆောက်ဂိတ်အနေနဲ့ သူ့ကိုလိုအပ်လာမှာသေချာပါတယ်”လို့ ပြောကြားခဲ့ပါတယ်။
အင်္ဂလန်အသင်းဟာ ယူရိုပြိုင်ပွဲကို ဇွန်လ ၁၆ ရက်နေ့မှာ ဆာဘီးယားအသင်းနဲ့ စတင်ကစားသွားရမှာဖြစ်ပါတယ်။ ဆောက်ဂိတ်ရဲ့အသင်းဟာ ဆာဘီးယား၊ စလိုဗေးနီးယား၊ ဒိန်းမတ်တို့နဲ့ အုပ်စုတစ်ခုတည်းမှာကျရောက်နေပါတယ်။