The network connection is lost.

Banner Image

ကာတစ်ဂျုံးစ်ရဲ့ဒဏ်ရာ နောက်ဆုံးအခြေအနေကို ထုတ်ဖော်ပြောပြလာတဲ့ အန်းစလော့

ဒီနေ့မနက်ပိုင်း၊ ဘက်တစ်ကို ၁-၀ ဂိုးဖြင့် အနိုင်ရရှိတဲ့ ခြေစမ်းပွဲစဉ်ရဲ့ ပထမပိုင်းပွဲချိန်အတွင်း လူစားလဲလှယ်ခဲ့ရတဲ့ ကာတစ်ဂျုံးစ်ရဲ့ဒဏ်ရာအခြေအနေအသေးစိတ်ကို သိရှိရဖို့ လီဗာပူးအသင်း စောင့်ဆိုင်းနေပါတယ်။ အမေရိကန်နိုင်ငံ၊ Acrisure ကွင်းအတွင်း ပွဲကစားချိန်မိနစ် ၃၀ အကြာမှာပဲ ကွင်းလယ်လူကို နိုင်ရိုနီနဲ့ လူစားလဲလှယ်ခဲ့ရပါတယ်။

ပွဲစဉ်အပြီးမှာ အန်းစလော့က ကြိုတင်ကာကွယ်မှုအဖြစ် ကာတစ်ဂျုံးစ်ကို လူစားလဲလှယ်ခဲ့တာဖြစ်တယ်လို့ အတည်ပြုပေးလိုက်ပြီး လက်ကျန်အမေရိကန်ရာသီကြိုခရီးစဉ်မှာ ကစားသမားပြန်လည်ပါဝင်လာဖို့ မျှော်လင့်နေပါတယ်။

အန်းစလော့က “ ဒဏ်ရာ ဘယ်လောက်အထိဆိုးရွားသလဲဆိုတာ ပြောဖို့ အတော်စောသေးတယ်လို့ ကျွန်တော် ထင်ပါတယ်။ ကာတစ်ဂျုံးစ်ကစားနိုင်တယ်ဆိုပေမယ့် ရာနှုန်းပြည့်ပုံစံမဖြစ်သေးဘူးဆိုတာ ခင်ဗျားတို့လည်း မြင်တွေ့မယ်လို့ ကျွန်တော်ထင်ပါတယ်။ ခြေစွမ်းပွဲစဉ်တစ်ခုဆိုတော့ နောက်ထပ်ခြေစမ်းပွဲစဉ်တွေလည်း ကပ်လိုက်လာဦးမှာပါ။ ဒါကြောင့် သူ့ကို လူစားလဲလိုက်တာ အကောင်းဆုံးပါပဲ။ ကာတစ်ဂျုံးစ် အမြန်ဆုံးသက်သာကောင်းမွန်လာလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ စောင့်ကြည့်သွားရပါမယ်။ ကျွန်တော်တို့ကတော့ သူအမြန်ဆုံးသက်သာလာပြီး လာမယ့်ပွဲစဉ်တွေမှာ အသင်းအတွက် ပါဝင်ကစားပေးနိုင်ဖို့ မျှော်လင့်ထားပါတယ်”လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ကြာသပတေးနေ့မှာပဲ ကာတစ်ဂျုံးစ်က ရာသီကြိုကာလရဲ့အဖွင့်ရက်သတ္တပတ်တွေအတွင်း အန်းစလော့လက်အောက် အလုပ်,လုပ်ရတဲ့ သူ့ရဲ့ပျော်ရွှင်ကျေနပ်မှုနဲ့ ၂၀၂၄-၂၀၂၅ ဘောလုံးရာသီအတွင်း လီဗာပူးအတွက် အဓိက ကစားသမားအဖြစ် ပါဝင်ခွင့်ရရှိဖို့ ဘယ်လောက်အထိ ဆာလောင်နေသလဲဆိုတာ ရှင်းပြခဲ့ပါတယ်။

အန်းစလော့က “၂၅ မိနစ်၊ နာရီဝက်လောက်ပဲ ကစားရပြီး ထွက်ခွာရဖို့ လိုအပ်လာတယ်ဆိုတော့ သူ့အတွက် အတော်လေး စိတ်မကောင်းစရာပါပဲ။ ဒီမတိုင်ခင်လည်း သူက လွတ်လွတ်လပ်လပ်ကစားနိုင်တာမျိုး လုံးဝမရှိသေးဘူးဆိုတာ ခင်ဗျားတို့လည်း မြင်တွေ့ခဲ့ရပါတယ်။ လေ့ကျင့်ရေးအစီအစဉ်တွေအတွင်း အရမ်းကောင်းတဲ့သီတင်းပတ်နှစ်ခုရှိခဲ့တဲ့သူ့အတွက် တကယ်ကံမကောင်းခဲ့တာပါ။ ကျွန်တော်ကိုယ်တိုင်လည်း သူ့ကို ပွဲထဲမှာမြင်တွေ့ရဖို့ မျှော်လင့်ခဲ့ပေမယ့် ကံမကောင်းစွာနဲ့ပဲ လူစားလဲလှယ်ခဲ့ရပါတယ်။ ဒီအတွက် ကောင်းတဲ့အချက်ကတော့ နောက်ထပ် ၄၅ မိနစ်၊ တစ်နာရီလောက်အတွင်း ကျွန်တော့်ကို အထင်ကြီးသွားစေလောက်အောင် စွမ်းဆောင်ပြနိုင်မယ့် ကစားသမားတစ်ဦးကို ကွင်းတွင်းမှာ ထည့်သွင်းလိုက်နိုင်တာ ဖြစ်ပါတယ်။ ဒါက နိုင်ရိုနီအတွက် အပေါင်းလက္ခဏာဆောင်တဲ့ကိစ္စတစ်ခု ဖြစ်ပါတယ်။ ဒါပေမယ့် ကာတစ်ဂျုံးစ်ဆက်မကစားနိုင်တာကတော့ စိတ်မကောင်းဖြစ်စရာပါပဲ”လို့ ဆက်ပြောပါတယ်။