The network connection is lost.

Banner Image

ရာသီကုန်မှာ ပြောင်းလဲမှုတွေအများအပြားပြုလုပ်သွားရမယ်လို့ အာမိုရင်ဝန်ခံ

တနင်္ဂနွေနေ့ညက ယှဉ်ပြိုင်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ဝက်စ်ဟမ်းကို ၀-၂ နဲ့ရှုံးနိမ့်ခဲ့ပြီးနောက် မန်ချက်စတာယူနိုက်တက်နည်းပြရူဘင်အာမိုရင်က အသင်းအနေနဲ့ ရာသီကုန်မှာ ပြောင်းလဲမှုတွေအများအပြားပြုလုပ်သွားဖို့လိုအပ်ကြောင်း ဝန်ခံပြောကြားလာခဲ့ပြီး နွေရာသီမှာ ကစားသမားသစ်တွေခေါ်ယူမယ့်အကြောင်း အရိပ်အမြွက်ပြောကြားခဲ့ပါတယ်။ 

ယခုပွဲစဉ်မှာ ယူနိုက်တက်ရဲ့ ဒီရာသီ ၁၇ ပွဲမြောက်ပရီးမီးယားလိဂ်ရှုံးပွဲဖြစ်ခဲ့ပြီး ၁၉၇၄ ခုနှစ်က တုန်းဆင်းခဲ့တုန်းကလည်း ယူနိုက်တက်ဟာ ၁၇ ပွဲ ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။ ယခုနှစ်ရာသီမှာ ယူနိုက်တက်ဟာ ပရီးမီးယားလိဂ် အိမ်ကွင်းပွဲစဉ် ၁၈ ပွဲကစားထားရာမှာ ၉ ပွဲအထိရှုံးနိမ့်ထားခဲ့တာလည်းဖြစ်ပါတယ်။ရာသီကုန်ဖို့ ၂ ပွဲသာလိုအပ်တော့ပေမယ့် အာမိုရင်ရဲ့အသင်းဟာအမှတ်ပေးဇယားရဲ့ အဆင့် ၁၆ နေရာမှာရပ်တည်နေပြီး ၁၉၇၄ ခုနှစ်နောက်ပိုင်း အဆိုးဝါးဆုံး အမှတ်ပေးဇယား ရပ်တည်မှုနဲ့ ကြုံတွေ့နေရပါတယ်။ 

ပွဲအပြီးမှာ အာမိုရင်က "အတော်လေးရှက်ဖို့ကောင်းပြီး လက်ခံနိုင်ဖို့ ခက်ခဲပါတယ်။ ဒီအသင်းမှာဘာတွေမှားနေတယ်ဆိုတာ ကစားသမားတွေ သေချာစဉ်းစားဖို့လိုနေပါပြီ။ ရာသီကုန်မှာ ပြောင်းလဲမှုအများအပြားပြုလုပ်သွားဖို့လိုပါတယ်။ ကျွန်တော်တို့စိုးရိမ်နေတာတစ်ခုက မပြောင်းလဲနိုင်ဘူးဆိုတဲ့ ခံစားချက်တွေရှိနေတာပါပဲ။ ယူနိုက်တက်က အသင်းကြီးတစ်သင်းပါ။ အိမ်ကွင်းမှာရှုံးနိမ့်တယ်ဆို အဆိုးဝါးဆုံးပါပဲ" လို့ပြောကြားခဲ့ပါတယ်။ 

ဝက်စ်ဟမ်းကို ရှုံးနိမ့်ခဲ့ပေမယ့် တော့တင်ဟမ်နဲ့ ယှဉ်ပြိုင်သွားရမယ့် ယူရိုပါလိဂ်ဗိုလ်လုပွဲစဉ်အတွက် စိတ်ပူခြင်းမရှိကြောင်းကို ပေါ်တူဂီသားနည်းပြက "ကျွန်တော် ဗိုလ်လုပွဲအတွက် စိတ်မပူပါဘူး။ အသင်းမှာ ပြဿနာ အကြီးကြီးတွေရှိနေတာတော့မှန်ပါတယ်။ ကျွန်တော်တို့ ပြောင်းလဲမှုကြီးကြီးမားမားပြုလုပ်သွားမှာပါ" လို့ပြောကြားခဲ့ပါတယ်။ 

လာမယ့်နွေရာသီမှာ ကစားသမားသစ်တွေခေါ်ယူဖို့ လိုအပ်ကြောင်းကိုလည်း အာမိုရင်က "လာမယ့်နွေရာသီမှာ ကျွန်တော်တို့အသင်း အားကောင်းဖို့ အရမ်းလိုအပ်ပါတယ်။ ရဲရင့်တဲ့အသင်းတစ်သင်းကို တည်ဆောက်သွားရပါမယ်" လို့ပြောကြားခဲ့ပါတယ်။ 

လာမယ့် စနေနေ့မှာယူနိုက်တက်ဟာ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ချဲလ်ဆီးကို စတန်းဖို့ဒ်ဘရစ်ချ်မှာ သွားရောက်ရင်ဆိုင်ရမှာဖြစ်ပြီး အဆိုပါပွဲစဉ်အပြီး မေလ ၂၂ ရက်နေ့မှာတော့ ယူရိုပါလိဂ်ဗိုလ်လုပွဲစဉ်အဖြစ် တော့တင်ဟမ်နဲ့ယှဉ်ပြိုင်သွားရပါမယ်။