ခြေကျင်းဝတ်ဒဏ်ရာအခြေအနေအကြောင်း ထုတ်ဖော်ပြောကြားလာတဲ့ ဒီဂျောင်
ဘာစီလိုနာကွင်းလယ်လူ ဒီဂျောင်က ခြေကျင်းဝတ်ဒဏ်ရာအခြေအနေနဲ့ပတ်သက်ပြီး ထုတ်ဖော်ပြောကြားလာပါတယ်။ နယ်သာလန်သားဟာ ၂၀၂၄ တစ်လျှောက်လုံးကို ဒဏ်ရာပြဿနာတွေနဲ့သာဖြတ်သန်းခဲ့ရပြီး ဧပြီလတုန်းက အယ်လ်ကလက်ဆီကိုပွဲမှာလည်း ဒဏ်ရာရရှိခဲ့တာကြောင့် ၆ လလောက်အနားယူခဲ့ရပါတယ်။ ဇွန်လအစောပိုင်းတုန်းက လေ့ကျင့်ခန်းပြန်ဆင်းနိုင်ခဲ့ပေမယ့် နယ်သာလန်အသင်းမှာ ဒဏ်ရာထပ်မံရရှိခဲ့တာကြောင့် အိမ်ကိုပြန်လွှတ်ခံခဲ့ရပါတယ်။
“ပထမဆုံး ကျွန်တော် ခြေကျင်းဝတ်ဒဏ်ရာနဲ့ပဲ နေ့ကော ညပါခေါင်းကိုက်ခဲ့ရပါတယ်။ ကျွန်တော်နိုးလာလာချင်းမှာ ချက်ချင်းခံစားခဲ့ရပါတယ်။ အဲ့တာကြီးကများ ဝါးမျိုသွားခဲ့ပြီလားပေါ့။ အခုတော့ ကျွန်တော် အဲ့ခံစားချက်ပျောက်ဆုံးနေပါပြီ။ ဒါပေမယ့်လည်း ခြေကျင်းဝတ်မှာ တစ်ခုခုတော့ ဖြစ်နေပါတယ်။ ဒါကြောင့် ကျွန်တော် အပိုအာရုံစိုက်မှုတွေလုပ်ခဲ့ရပါတယ်။ စွမ်းဆောင်ရည်ပိုင်းလည်း အာရုံစိုက်ရပါတယ်။ အချို့ကစားသမားတွေကတော့ ဒူးကို အာရုံစိုက်ရပါတယ်။ ကျွန်တော်ကတော့ ခြေကျင်းဝတ်ပါ”လို့ ဒီဂျောင်က ပြောကြားခဲ့ပါတယ်။
ဘာစီလိုနာနဲ့ဆုဖလားအောင်မြင်မှုတွေ အများကြီးမယူနိုင်တဲ့အပေါ် ဒီဂျောင်က ရှင်းပြခဲ့ပါတယ်။ “ကျွန်တော် ဝန်ခံစရာရှိပါတယ်။ ဘာစီလိုနာကိုပြောင်းလာတုန်းက လိဂ်ဖလား ၁ ကြိမ် ၊ ကိုပါဒယ်ရေး ၁ ကြိမ် နဲ့ စပိန်စူပါဖလား ၁ ကြိမ်ပဲရယူချင်တာမဟုတ်ပါဘူး။ ကျွန်တော် ၂ ဆလောက်ရချင်ခဲ့တာပါ။ ဒါကြောင့် အဲ့တာကိုတော့ စိတ်ပျက်မိပါတယ်။ အခြေအနေတွေက အမျိုးမျိုးဖြစ်နိုင်ပါတယ်။ အဲ့တာကို ခင်ဗျား မခန့်မှန်းနိုင်ပါဘူး”လို့ ဒီဂျောင်က ထပ်လောင်းပြောကြားခဲ့ပါတယ်။
နယ်သာလန်သားဟာ မေလမှာ အသက် ၂၈ နှစ်ပြည့်မှာဖြစ်ပြီး စာချုပ်သက်တမ်းကလည်း မကြာခင်မှာ ကုန်ဆုံးတော့မှာဖြစ်ကာ ပီဒရီ ၊ ကာဆာဒိုတို့ကြောင့် နေရာရဖို့ ရုန်းကန်နေရပါတယ်။ အဆိုပါအခြေအနေတွေကြောင့် ဒီဂျောင်တစ်ယောက် လာမယ့်အပြောင်းအရွှေ့မှာ အသင်းပြောင်းဖို့ စဉ်းစားလာနိုင်တာဖြစ်ပါတယ်။