အာဆင်နယ်ရဲ့စွမ်းဆောင်ရည် အရမ်းကောင်းလွန်းတယ်လို့ ဝန်ခံပြောဆိုခဲ့တဲ့ သောမတ်စ်ဖရန့်ခ်
ဒီနေ့မနက်ပိုင်း၊ အိမ်ကွင်းမှာ အာဆင်နယ်ကို ၃-၁ ဂိုးဖြင့် ရှုံးနိမ့်ပြီးနောက် ဘရန့်ဖို့ဒ်နည်းပြသောမတ်စ်ဖရန့်ခ် အတွက် စောဒကတက်စရာအကြောင်းအရာ ဘာမှမရှိတော့ပါဘူး။ အခုပွဲစဉ်မှာ ဘရန့်ဖို့ဒ်က အမ်ဘွေမိုသွင်းဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ဧည့်သည်တွေအတွက် ဂျီးဆပ်စ်၊ မီရီနို၊ မာတင်နယ်လီတို့က သွင်းဂိုးကိုယ်စီရယူပေးခဲ့လို့ ပြတ်သားတဲ့ရလဒ်တစ်ခုပေါ်ပေါက်လာခဲ့ပါတယ်။
ပွဲစဉ်အပြီး သောမတ်စ်ဖရန့်ခ်က “ ကမ္ဘာအကောင်းဆုံးအသင်းတွေထဲမှာ ပါဝင်သလို ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးကလပ်အသင်းနှစ်ခုအနက် တစ်ခုဖြစ်တဲ့ အာဆင်နယ်နဲ့ရင်ဆိုင်ကစားမယ်ဆိုရင် ပြီးပြည့်စုံတဲ့ပွဲစဉ်တစ်ခုဖြစ်လာအောင် ကစားသွားနိုင်ဖို့ လိုအပ်ပါတယ်။ ပထမပိုင်းပွဲချိန်တွေမှာဆိုရင် ကျွန်တော်တို့တွေ ပြီးပြည့်စုံလုနီးပါးကစားနိုင်ခဲ့တယ်လို့ အမှန်တကယ်တွေးမိခဲ့ပါတယ်။ ကျွန်တော်တို့အသင်းရဲ့ ကစားပုံကို ကြိုက်ပါတယ်။
အထူးသဖြင့် ကျွန်တော်တို့အသင်းရဲ့ပထမပိုင်းကစားပုံကို ကျေနပ်အားရမိပါတယ်။ ဒုတိယပိုင်းကစားပုံလည်း အရမ်းဆိုးရွားနေတာမျိုးမဟုတ်ဘူးလို့ တွေးမိပါတယ်။ နှစ်ဂိုးလောက်ပဲ ခွင့်ပြုပေးခဲ့ရတာပါ။ တပွဲလုံးခြုံပြီးပြောရမယ်ဆိုရင် ကောင်းခဲ့ပါတယ်။ အရမ်းကောင်းခဲ့တာမျိုးတောင် ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါပေမယ့် အခိုက်အတန့်ကောင်းတွေမှာတော့ ကျွန်တော်တို့တွေ ပြိုင်ဘက်ကို လုံလောက်အောင် မထိန်းချုပ်နိုင်ခဲ့ပါဘူး။ အထူးသဖြင့် ခံစစ်အခိုက်အတန့်သုံးခုမှာပေါ့။
အမှန်ပါပဲ၊ ကျွန်တော်တို့အသင်းလူစာရင်းပိုင်းကို အင်အားအပြည့်ရှိနေစေချင်ပါတယ်။ ဒါပေမယ့် ဒီကိစ္စအတွက် အဖြေတော့ မရှာတွေ့သေးပါဘူး။ ဒီအခြေအနေကို ကျွန်တော်တို့ ရင်ဆိုင်သွားရပါမယ်။ အသင်းဆေးအဖွဲ့ကလည်း အပြင်းအထန်ကြိုးစားအားထုတ်နေလို့ နည်းလမ်းတစ်ခုတော့ ရှာဖွေသွားနိုင်ပါလိမ့်မယ်”လို့ ပြောပါတယ်။
အာဆင်နယ်အသင်းရဲ့အမှတ်ပေးချန်ပီယံဆုစိန်ခေါ်နိုင်မှုအခွင့်အလမ်းနဲ့ပတ်သက်လို့ ဖရန့်ခ်က “ဘောလုံးရာသီတစ်ခုရဲ့အချိန်ကာလက ရှည်လျားလွန်းပါတယ်။ အန်းစလော့ကိုယ်တိုင် သူတို့တွေ ဘာဆုဖလားမှ မရရှိသေးပါဘူးလို့ ပြောခဲ့တာကို ကျွန်တော်နားလည်ပေးနိုင်ပါတယ်။ လီဗာပူးအသင်းကလည်း အခုအချိန်အထိ ခြေမချော်သေးသလို ဒီအတိုင်းပဲ ဆက်သွားနေပါလိမ့်မယ်။ အာဆင်နယ်ကလည်း ပုံစံကောင်းပျောက်ဆုံးနေချိန်မှာတောင် ရမှတ်တွေ ရှာဖွေနိုင်ပါတယ်။ အဆုံသတ်ချိန်အထိ ဒီအတိုင်းပဲ ဆက်သွားပါလိမ့်မယ်”လို့ ပြောပါတယ်။