
ယာမယ်လ်ထက် ဒမ်ဘီလီကသာ ဘော်လွန်းဒီအော်ဆုနဲ့ ပိုထိုက်တန်တယ်လို့ ပီအက်စ်ဂျီအကြီးအကဲ ပြောကြား
ပီအက်စ်ဂျီဥက္ကဋ္ဌ နာဆာအယ်ခီလိုင်ဖီက တကယ်လို့ ဒမ်ဘီလီသာ ဒီနှစ် ဘော်လွန်းဒီအော်ဆုကို မရရှိဘူးဆိုရင် အဲဒီဆုမှာ ပြဿနာတစ်ခု ရှိနေနိုင်တယ်လို့ ကြေညာလိုက်ပါတယ်။
ဒမ်ဘီလီဟာ ၂၀၂၅ ဘော်လွန်းဒီအော်ဆုအတွက် ဦးဆောင်သူတစ်ယောက်အဖြစ် သတ်မှတ်ခံထားရပါတယ်။
ဘာကြောင့်လဲဆိုတော့ ဒမ်ဘီလီဟာ ပီအက်စ်ဂျီအသင်းအတွက် ချန်ပီယံလိဂ်၊ လီဂူးဝမ်းနဲ့ ရှုံးထွက်ဖလားတို့ပါဝင်တဲ့ ဖလား ၃ လုံးရရှိရာမှာ အရေးပါတဲ့အခန်းကဏ္ဍကနေ ပါဝင်ကစားခဲ့လို့ပါ။ ပြင်သစ်သားရဲ့ ၂၀၂၄-၂၅ ရာသီအတွင်း လီဂူးဝမ်းမှာ ၂၁ ဂိုးနဲ့ ၉ ကြိမ် ဖန်တီးပေးနိုင်ခဲ့သလို ယူအီးအက်ဖ်အေ ချန်ပီယံလိဂ်မှာ ဂိုး ၈ ဂိုးနဲ့ ၄ ကြိမ် ဖန်တီးပေးနိုင်ခဲ့ပါတယ်။ ပီအက်စ်ဂျီအသင်းအတွက် ပြိုင်ပွဲစုံမှာ ၃၃ ဂိုးသွင်းယူနိုင်ခဲ့ပြီး ၁၃ ကြိမ် ဖန်တီးပေးနိုင်ခဲ့တာကို တွေ့ရမှာပါ။
အယ်ခီလိုင်ဖီက "ဒမ်ဘီလီရဲ့ရာသီကတော့ အံ့မခန်းပါပဲ။ သူက ဘော်လွန်းဒီအော်ဆုကို ရမှာမဟုတ်ဘူးလို့ ဘယ်သူမှမထင်ကြပါဘူး။ ဘော်လွန်းဒီအော်ဆု သူ မရခဲ့ဘူးဆိုရင် ဘော်လွန်းဒီအော်ဆုမှာ ပြဿနာတစ်ခုရှိနေလို့ပါ။ သူက အရာအားလုံးကို လုပ်ဆောင်ပြီးပြီ" လို့ ပြောကြားခဲ့ပါတယ်။ ဒမ်ဘီလီကိုယ်တိုင်ကလည်း အဆိုပါဖြစ်နိုင်ချေကို အသိအမှတ်ပြုပြောကြားခဲ့ပြီး "[ဘော်လွန်းဒီအော်ဆုအကြောင်းကို] ကျွန်တော်စဉ်းစားနေပါတယ်။ ကျွန်တော်သိတာက ကျွန်တော် ဖြတ်သန်းခဲ့တဲ့ရာသီကြောင့်[ဘော်လွန်းဒီအော်ဆုနဲ့] သိပ်မဝေးတော့ဘူးဆိုတာပါပဲ။ ဒါပေမဲ့ ကျွန်တော်ဟာ ကိုယ့်ကိုယ်ကိုယ်စဉ်းစားတာထက််အသင်းရဲ့ပန်းတိုင်တွေအပေါ်မှာ အာရုံစိုက်ထားပါတယ်" လို့ ပြောကြားခဲ့ပါတယ်။
ဘာစီလိုနာကစားသမား လမိုင်းယာမယ်လ်ကလည်း ဘော်လွန်းဒီအော်ဆုအတွက် ရေပန်းစားနေပြီး ဒီနှစ်ရာသီမှာ လာလီဂါ ၃၅ ပွဲကစားထားပြီး ဂိုး ၉ ဂိုးသွင်းယူနိုင်ခဲ့သလို ၁၃ ကြိမ် ဖန်တီးပေးနိုင်ခဲ့ပါတယ်။ ယာမယ်လ်ရဲ့ ဂိုးသွင်းနှုန်းက ဒမ်ဘီလီထက် အနည်းငယ်လျော့နည်းနေပေမဲ့ အသက် ၁၇ နှစ်အရွယ်မှာ ပြသထားတဲ့ ခြေစွမ်းတွေက ပရိသတ်တွေရဲ့ အသည်းစွဲဖြစ်စေခဲ့ပါတယ်။ ဘော်လွန်းဒီအော်ဆုအတွက် ဆန်ခါတင်စာရင်းတွေကို ၂၀၂၅ ခုနှစ် သြဂုတ်လမှာ ကြေညာဖို့ မျှော်လင့်ထားပြီး ဆုပေးပွဲအခမ်းအနားကို ၂၀၂၅ ခုနှစ် စက်တင်ဘာလ ၂၂ ရက်နေ့မှာ ပြင်သစ်နိုင်ငံမှာ ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။