
ချန်ပီယံလိဂ်ဒုတိယအကျော့အဖြစ် ရီးရဲလ် နဲ့ အာဆင်နယ်ပွဲကို ခန့်မှန်းလိုက်တဲ့ ဖရန့်ခ်
ဘရန့်ဖို့ဒ်အသင်းနည်းပြ သောမက်စ်ဖရန့်ခ်က ချန်ပီယံလိဂ်ဒုတိယအကျော့ပွဲအဖြစ် အာဆင်နယ် နဲ့ ရီးရဲလ်တို့ပွဲကို ခန့်မှန်းလိုက်ပါတယ်။ အာဆင်နယ်ဟာ ပထမအကျော့တုန်းက အိမ်ကွင်းမှာ ရီးရဲလ်ကို ၃ ဂိုးပြတ်နဲ့အနိုင်ယူနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ရီးရဲလ်စတား ဘယ်လင်ဟမ်က ဘာနေဗျူးမှာ ဘာမဆိုဖြစ်နိုင်တယ်လို့ အာဆင်နယ်ကို သတိပေးခဲ့ပါတယ်။ ချန်ပီယံလိဂ်သမိုင်းတစ်လျှောက်အအောင်မြင်ဆုံးအသင်းအဖြစ် ရပ်တည်နေတဲ့ရီးရဲလ်အသင်းဟာ အာဆင်နယ်ကို ၃ ဂိုးပြတ်နဲ့အရေးနိမ့်ခဲ့တာဖြစ်ပါတယ်။
အာဆင်နယ်ကို ၁-၁ သရေကျခဲ့ပြီးနောက် ဘရန့်ဖို့ဒ်နည်းပြ ဖရန့်ခ်က ချန်ပီယံလိဂ်ဒုတိယအကျော့မှာ အာဆင်နယ်ပဲ နောက်တစ်ဆင့်တက်မယ်လို့ ခန့်မှန်းခဲ့ပါတယ်။ “မီခေးလ်အကြောင်း ပြောဖို့လိုတယ်လို့ ကျွန်တော်ထင်ပါတယ်။ သူ နဲ့ သူ့နည်းပြအဖွဲ့ဝင်တွေက အာဆင်နယ်ကို ဘယ်လောက်အထိ တိုးတက်အောင်လုပ်ဆောင်ထားနိုင်လဲဆိုတာကို မြင်နိုင်ပါတယ်။
မီခေးလ်ကလည်း အာဆင်နယ်မှာ ပြီးခဲ့တဲ့ ၃ နှစ်အတွင်း အရမ်းကောင်းတဲ့အသင်းအဖြစ် ပုံစံပြောင်းပေးထားနိုင်ပါတယ်။ သူတို့က အနေအထားကောင်းမှာရှိနေပါတယ်။ အပြင်ဘက်ကနေ ကြည့်လိုက်ရင် အာဆင်နယ်က အလုပ်အရမ်းကြိုးစားသလို ခံစစ်ကလည်း အရမ်းကောင်းတဲ့အသင်းပါ။ တည်ကန်ဘောတွေဆိုရင်လည်း သူတို့အရမ်းကိုမှကောင်းပါတယ်။ ဒါကြောင့် ဒုတိယအကျော့မှာ သူတို့ပဲ နောက်တစ်ဆင့်တက်မယ်လို့ ကျွန်တော်ထင်ပါတယ်”လို့ ဖရန့်ခ်က ပြောကြားခဲ့ပါတယ်။ အာတီတာက အာဆင်နယ်အနေနဲ့ လာမယ့်ချန်ပီယံလိဂ်ဒုတိယအကျော့ပွဲကို အာရုံစိုက်ရမယ်လို့ ပြောကြားခဲ့ပါတယ်။
“ပရီးမီးယားလိဂ်မှာ ကျွန်တော်တို့ ၆ ပွဲကန်ဖို့ကျန်နေပါသေးတယ်။ ဘယ်ဟာက အရေးကြီးလဲဆိုတာ ကျွန်တော်တို့ တွေးရပါမယ်။ ဒါပေမယ့် သေချာတာက လာမယ့်ဗုဒ္ဓဟူးနေ့က အရေးကြီးပါတယ်။ အခုတော့ အနားယူရမယ့်အချိန်ဖြစ်ပြီး မနက်ဖြန်ကစပြီး အလှပဆုံးပွဲအတွက် ပြင်ဆင်ရပါမယ်။ ကစားသမားတွေက ပရီးမီးယားလိဂ်အခြေအနေကို သိပြီးသားပါ။ ဘယ်လောက်ခက်ခဲလဲဆိုတာ သူတို့သိပါတယ်။ ဘာက လိုအပ်လဲ။ ဘယ်ဟာကိုအနိုင်ကန်ရမလဲဆိုတာ သိပါတယ်”လို့ အာတီတာက ပြောကြားခဲ့ပါတယ်။ အာတီတာက ရီးရဲလ်နဲ့ဒုတိယအကျော့ပွဲမတိုင်ခင် ပါတေး ၊ ဂျော်ဂျင်ဟို ၊ ဘင်ဝှိုက်တို့အခြေအနေကိုလည်း ပြောကြားခဲ့ပါတယ်။