ပရီးမီးယားလိဂ်မှတစ်သင်းအပါအဝင် ကလပ်အသင်း ၄ သင်းက ဆန်ချိုကို ပစ်မှတ်ထားနေ
မန်ချက်စတာယူနိုက်တက် တောင်ပံကစားသမား ဂျေဒန်ဆန်ချိုကို ပရီးမီးယားလိဂ်အသင်း တစ်သင်းအပါအဝင် ဥရောပတစ်ဝှမ်း ကလပ်အသင်းကြီး ၄ သင်းလောက်က အပြီးသတ်ခေါ်ယူဖို့ ပစ်မှတ်ထားနေတယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။
ယူနိုက်တက်ဟာ ယခုနွေရာသီမှာပဲ ဆန်ချိုကို ပေါင်သန်း ၄၀ နဲ့ အပြီးသတ်ရောင်းချတော့မယ်လို့ သတင်းတွေထွက်ပေါ်နေတာကြောင့် ကစားသမားကို အသင်းကြီးတွေက ချိတ်ဆက်မှုတွေပြုလုပ်နေကြတာဖြစ်ပါတယ်။ ဆန်ချိုဟာ ပြီးခဲ့တဲ့ စက်တင်ဘာလက အသင်းနည်းပြ အဲရစ်တန်ဟက်နဲ့ လူသိရှင်ကြားပြဿနာဖြစ်ပွားခဲ့တာကြောင့် ယူနိုက်တက်စီနီယာအသင်းကနေ ထုတ်ပယ်ခံခဲ့ရပါတယ်။
ထို့နောက် ဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက်မှာ အသင်းဟောင်းဒေါ့မွန်သို့ အငှားနဲ့သွားရောက်ခဲ့ပြီး ၆ လကြာ နေထိုင်ခဲ့ကာ ယခုအခါမှာတော့ ယူနိုက်တက်သို့ ပြန်လည် ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။ တောင်ပံကစားသမားဟာ ရိန်းဂျားကို ၂-၀ နဲ့ အနိုင်ရခဲ့တဲ့ ခြေစမ်းပွဲစဉ်မှာ ယူနိုက်တက်အတွက် ပထမဆုံးအကြိမ် ပြန်လည်ကစားခွင့်ရခဲ့ပါတယ်။
လာမယ့်ရာသီမှာ ဆန်ချိုအနေနဲ့ မန်နေဂျာ တန်ဟက်နဲ့ပြန်လည်ပေါင်းစည်းဖို့ အလားအလာရှိနေပေမယ့် ယခုအခါမှာတော့ ကလပ်အသင်းတွေရဲ့ ကမ်းလှမ်းမှုကြောင့် အသင်းကနေ ထွက်ခွာဖွယ်ရှိတယ်လို့ သတင်းတွေ ထွက်လာခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့အပတ်က ပီအက်စ်ဂျီက ဆန်ချိုထံသို့ ကမ်းလှမ်းချက်ပေးပို့ခဲ့ပြီး ကစားသမားအနေနဲ့ ပြင်သစ်လီဂူးချန်ပီယံတွေဆီ ပြောင်းရွှေ့ရန် ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီချက်တွေရရှိဖို့ နီးစပ်ခဲ့တယ်လို့ သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။
ပြင်သစ်သတင်းစာတွေက ကစားသမားဟာ ပီအက်စ်ဂျီသို့ ပြောင်းရွှေ့ဖို့ အလွန်စိတ်လှုပ်ရှားနေတယ်လို့တောင် ဖော်ပြလာခဲ့ကြတာဖြစ်ပါတယ်။ သို့သော်လည်း Sky Sports ရဲ့ဖော်ပြချက်အရတော့ ပီအက်စ်ဂျီဟာ ဆန်ချိုကိုစိတ်ဝင်စားနေပေမယ့် တရားဝင်ကမ်းလှမ်းမှုပြုလုပ်ထားခြင်းမရှိသေးဘူးလို့ သိရပါတယ်။
ပီအက်စ်ဂျီအပြင် ဒေါ့မွန်၊ ဂျူဗင်တပ်စ်နဲ့ အမည်မသိပရီးမီးယားလိဂ်ကလပ်အသင်း တစ်သင်းကလည်း အင်္ဂလန်သားကိုခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ တစ်ချိန်တည်းမှာပဲ ယူနိုက်တက်ကလည်း ပရီးမီးယားလိဂ်ရဲ့ ဘဏ္ဍာရေးစည်းမျဉ်းတွေကို ရှောင်လွှဲနိုင်ဖို့ ဆန်ချိုကို အပြီးသတ်ရောင်းချလိုနေတယ်လို့သိရပါတယ်။
ဒေါ့မွန်မှပြန်လာခဲ့တဲ့ ဆန်ချိုနဲ့ပတ်သက်ပြီး မကြာသေးမီက ယူနိုက်တက်နည်းပြ တန်ဟက်ကတော့ “ကျွန်တော်တို့ စကားကောင်းကောင်းပြောခဲ့ကြပါတယ်။ လူတိုင်းအမှားလုပ်နိုင်ပါတယ်။ တကယ်လို့ ကစားသမားတွေက အကောင်းဘက်ကိုပြောင်းချင်ရင် ဆက်သွားလို့ရပါတယ်။ အသင်းက ကစားသမားကောင်းတွေကို အလိုရှိနေပြီး ဂျေဒန်ဆန်ချိုက သေချာပေါက် ကြောက်စရာကောင်းလောက်အောင် ကောင်းတဲ့ကစားသမားပါ။ ကျွန်တော်တို့ ပြန်လည်ပေါင်းစည်းပြီး အသင်းရဲ့အောင်မြင်မှုအတွက် အထောက်အကူပြုနိုင်မယ်လို့ မျှော်လင့်ပါတယ်” လို့ပြောကြားခဲ့ပါတယ်။