ယူနိုက်တက်ကနေ ထွက်ခွာပြီးနောက် တန်ဟက်အား မှတ်ချက်ပေးပြောကြားလိုက်တဲ့ တိုမီနေး
ယူနိုက်တက်ကစားသမားဟောင်းဖြစ်တဲ့ တိုမီနေးဟာ နာပိုလီသို့ မပြောင်းရွှေ့မီ တန်ဟက်နှင့် ပြောကြားခဲ့မှုတွေကို ဖွင့်ဟလိုက်ပါတယ်။ ဂန္တဝင်နည်းပြကြီး ဆာအဲလက်စ်ရဲ့ သဘောကျခြင်းကိုခံခဲ့ရပြီး ကာရင်တန်ကနေ ပထမအသင်းမှာ ပုံမှန်ပွဲထွက်ခွင့် ရရှိသူတစ်ဦးဖြစ်ခဲ့ပြီး လက်ရွေးစင်အသင်းမှာလည်း ခြေစွမ်းပြသနိုင်ခဲ့တဲ့ တွန်မီနေးဟာ နွေရာသီမှာ တန်ဟက်ရဲ့ရောင်းချခြင်းကို ခံခဲ့ရတာဖြစ်ပါတယ်။
အကယ်ဒမီထွက် ကစားသမားတစ်ဦးဖြစ်တာကြောင့် ဘဏ္ဍာရေးမျှတစည်းမျဉ်းဖြင့် စိုးရိမ်နေရတဲ့ အခြေအနေမှာရှိနေတဲ့ ယူနိုက်တက်ဟာ သူ့ရဲ့ရောင်းချမှုကနေ ရာနှုန်းပြည့်အမြတ်ငွေရရှိမှာဖြစ်တာကြောင့် တိုမီနေးရဲ့ နာပိုလီသို့ အပြောင်းအရွှေ့က ဖြစ်မြောက်ခဲ့ပါတယ်။
အခုတော့ စီရီးအေမှာ ခြေစွမ်းပြသနေပြီး ၃ ဂိုးသွင်းယူကာ နည်းပြကွန်တီရဲ့လူစာရင်းမှာ အရေးပါတဲ့ ကစားသမားဖြစ်တဦးဖြစ်နေပါတယ်။ အသင်းပြောင်းဖို့အတွက် ဆုံးဖြတ်ချက်ချချိန်မှာ လက်ရှိမှာ ထုတ်ပယ်ခြင်းခံလိုက်ရတဲ့ တန်ဟက်နှင့် ပြောဆိုခဲ့ပုံတွေကို တိုမီနေးက ပြောပြလိုက်ပါတယ်။
"ဒါဟာ ကြီးမားတဲ့ဆုံးဖြတ်ချက်ဖြစ်ပေမယ့် တစ်နည်းအားဖြင့် ပြောရမယ်ဆိုရင် တော်တော်လေးကို မြန်ဆန်လွန်းပါတယ်။ ကျွန်တော့်ရဲ့နောက်ဆုံးရက်မှာ အားလုံးတွေ့ဆုံဖို့ သွားရောက်ခဲ့ပြီး နှုတ်ဆက်ဖို့အတွက် ခက်ခဲခဲ့ပါတယ်။ သို့ပေမယ့် ဒါဟာ ဘောလုံးလောကပဲလေ။ ဒါဟာ ဘဝတစ်ခုပဲလေ"
"ကျွန်တော် နည်းပြ တန်ဟက်ကိုလည်း စကားပြောခဲ့ပါတယ်။ လက်ရှိအခြေအနေနဲ့ပတ်သက်ပြီး သူ့ရဲ့အမြင်ကိုလည်း တန်ဟက်က ပြောခဲ့ပါတယ်။ ကျွန်တော်က နားထောင်ပေးပါ နည်းပြကြီး ဒါဟာ ကျွန်တော့်ရဲ့ ကစားသမားဘဝပါ ဒီမှာ ကိုယ့်ကိုကိုယ် တွန်းအားပေးဖို့အတွက် ရှိနေတာပါ။ ဒီလိုအခြေအနေမှာ ကျွန်တော်က နံပါတ် ၁ အတွက်သာ ကြည့်ရမှာဖြစ်ပြီး ကစားသမားဘဝအတွက် ဘယ်လိုလုပ်ရမလဲဆိုတာ ခံစားမိနေကာ အခြားအကြောင်းအရာတွေကြောင့် နောက်မဆုတ်ချင်ပါဘူး" လို့ တိုမီနေးက ပြောပါတယ်။
ဒီဆုံးဖြတ်ချက်က မှန်ကန်ခဲ့တယ်လို့ ပြောနိုင်ခဲ့ပြီး တွန်မီနေးဟာ ချဲလ်ဆီးလူငယ်ကစားသမား ဂီမောလ်နှင့်အတူ ကွန်တီရဲ့ ပွဲထွက် ၁၁ ဦးစာရင်းမှာ ရှိနေခဲ့တာဖြစ်ပါတယ်။ "ဒါဟာ နှစ်ဦးသဘောတူ ဆုံးဖြတ်ချက်ဖြစ်ပါတယ်။ အဲ့ဒီမှာ အခွင့်အရေးရှိတယ် သွားချင်လား။ စိတ်အားထက်သန်တဲ့ ပရိသတ်တွေ၊ နည်းပြ၊ ကစားသမားနဲ့ အခွင့်အရေးကို ကျွန်တော် တွေ့ခဲ့ပါတယ် ဒါကြောင့် လုပ်ခဲ့တာဖြစ်ပြီး နောက်သို့ ပြန်မလှည့်ချင်တော့ပါဘူး။ ကျွန်တော်အလိုရှိတာကိုလည်းသိပြီး ကျွန်တော့်ဘဝမှာ ဒီလိုလုပ်ခဲ့တာကြောင့်လဲ ဘဝမှာ နောင်တရမှာ မဟုတ်ပါဘူး"
"အသင်းမှာလည်း ဘဏ္ဍာရေးမျှတစည်းမျဉ်းကြောင့် အခက်တွေ့နေတာ သိပါတယ်။ အကယ်ဒမီထွက်ကစားသမားနဲ့ပတ်သက်ပြီး ဆုံးဖြတ်ချက်ချဖို့က ကလပ်တွေအတွက်လည်း မလွယ်ကူပါဘူး ကျွန်တော်ကတော့ အဲ့ဒီတွေကို သိပ်မတွေးမိပါဘူး"
"နာပိုလီကိုလာမယ့် ပရိသတ်တွေ နည်းပြနဲ့တွေ့ပြီး ကောင်းတာတွေပဲလုပ်မယ်လို့ တွေးခဲ့တာပါ။ စိတ်ထဲမှာ လုပ်ချင်တာကိုတွေးလိုက်တာနဲ့ တန်းလုပ်တော့တာပါပဲ။ ကျွန်တော်က ဒီကလပ်ကို သဘောကျပြီး ၂၂ နှစ်လောက်ရှိခဲ့ပေမယ့် အခုတော့ ကျွန်တော် ပြောင်းရွှေ့လာပါပြီ။ ဒီမှာ အများကြီးပျော်ခဲ့ရတယ်လို့ ကျွန်တော်ထင်ပါတယ်" လို့ တိုမီနေးက ပြောပါတယ်။