ပရော်ဖက်ရှင်နယ်ဘောလုံးသမားဘဝမှ အနားယူဖွယ်ရှိတဲ့ လီဗာပူး ကွင်းလယ်လူဟောင်း သီယာဂို
လီဗာပူး ကွင်းလယ်ကစားသမားဟောင်းသီယာဂိုက ပရော်ဖက်ရှယ်နယ်ဘောလုံးသမားဘဝမှ အနားယူသွားဖွယ်ရှိနေတယ်လို့ သတင်းတွေမှာ ဖော်ပြလာပါတယ်။ လွန်ခဲ့တဲ့လအတွင်း လီဗာပူးအသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးပြီးနောက် အသက်-၃၃ နှစ်အရွယ် ကစားသမားက လေးနှစ်ကြာ ကျင်လည်ခဲ့တဲ့ အန်ဖီးလ်အရပ်ကို စွန့်ခွာလာခဲ့ပါတယ်။
ပြီးခဲ့တဲ့ဘောလုံးရာသီတစ်ခုလုံးကို ဒဏ်ရာပြဿနာတွေနဲ့ လုံးပန်းခဲ့ရတဲ့ သီယာဂိုက လီဗာပူးအတွက် တစ်ပွဲသာ ပါဝင်ကစားပေးခဲ့ပါတယ်။ ဒါကြောင့် အသင်းဘက်ကလည်း သူ့ကို စာချုပ်သက်တမ်းမတိုးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
နာမည်ကြီးသတင်းထောက် ဖာဘရီဇီယိုရိုမာနိုရဲ့အဆိုအရ ကွင်းလယ်လူဟာ ကလပ်အသင်းသစ်ရှာဖွေဖို့ထက် ကစားသမားဘဝအဆုံးသတ်လိုက်ဖို့ ဆုံးဖြတ်ပြီးပြီလို့ သိရပါတယ်။ သီယာဂိုက ဥရောပထိပ်တန်း ကလပ်အသင်းကြီးတွေဖြစ်တဲ့ ဘာစီလိုနာ၊ ဘိုင်ယန်မြူးနစ်၊ လီဗာပူးတို့နဲ့အတူ ဆုဖလားအောင်မြင်မှုများစွာ သိမ်းပိုက်နိုင်ခဲ့ဖူးတဲ့ ကစားသမားဘ၀ မှတ်တမ်းကောင်းတစ်ရပ် ပိုင်ဆိုင်ထားပါတယ်။