
ဆီဗီလာကို အနိုင်ရရှိတဲ့ပွဲစဉ်မှာ ဘာစီလိုနာအသင်းရဲ့ရင့်ကျက်တည်ငြိမ်မှုကို ချီးကျူးဂုဏ်ပြုခဲ့တဲ့ ဟန်စီဖလစ်ခ်
တနင်္ဂနွေနေ့မနက်ပိုင်း၊ ဆီဗီလာကို ၄-၁ ဂိုးဖြင့် အနိုင်ရရှိတဲ့ပွဲစဉ်မှာ ဘာစီလိုနာအသင်းကစားသမားတွေရဲ့ ကြိုးစားအားထုတ်မှုအတွက် ကျေနပ်မိသလို မိနစ် ၃၀ ကျော်ကြာ ကစားသမားတစ်ဦးလျော့ခဲ့ပေမယ့် ပွဲကိုထိန်းချုပ်ကာ နောက်ကျဂိုးသွင်းယူခဲ့မှုနဲ့ပတ်သက်ပြီး အသင်းရဲ့ရင့်ကျက်တည်ငြိမ်မှုအပေါ် ချီးကျူးဂုဏ်ပြုပါတယ်လို့ နည်းပြဟန်စီဖလစ်ခ်က ပြောခဲ့ပါတယ်။ ဒုတိယပိုင်းပွဲချိန်အစမှာပဲ ဖာမင်လိုပက်ဇ်၊ ရာဖင်ဟာတို့ရဲ့သွင်းဂိုးတွေနဲ့အတူ ၃-၁ ဂိုးဖြင့် ဦးဆောင်ခဲ့ပြီးနောက် ပွဲချိန်မိနစ် ၆၀ မှာပဲ ဂျီဘရီဆောအပေါ် ကစားပုံကြမ်းတမ်းခဲ့တဲ့ ဖာမင်လိုပက်ဇ် တိုက်ရိုက်အနီကတ်ပြစ်ဒဏ်နဲ့ ထုတ်ပယ်ခံရလို့ ဘာစီလိုနာတို့ ကစားသမားတစ်ဦးလျော့အနေအထား ဖြစ်လာခဲ့ပါတယ်။
ဒါပေမယ့် ပွဲအစပိုင်းမှာပဲ လီဝန်ဒေါစကီးရဲ့ဦးဆောင်ဂိုးရရှိခဲ့တဲ့ ဘာစီလိုနာက ပြိုင်ဘက်ဆီဗီလာကို ထိန်းချုပ်ကာ အဲရစ်ဂါစီယာရဲ့ခေါင်းတိုက်ချက်နဲ့အတူ အခုပွဲစဉ်အတွက် စတုတ္ထမြောက်ဂိုးကို ရယူနိုင်ခဲ့ပါတယ်။ DAZN သတင်းဌာနနဲ့တွေ့ဆုံချိန် ဟန်စီဖလစ်ခ်က “ အခုနိုင်ပွဲကို ကျွန်တော် အရမ်းတန်ဖိုးထားပါတယ်။ ကစားသမားတွေက ကွင်းတွင်းမှာ ထက်ထက်မြက်မြက်နဲ့ စရိုက်လက္ခဏာကောင်းတွေကို ပြသသွားခဲ့ပါတယ်။
ပထမပိုင်းမှာလည်း ကျွန်တော်တို့အသင်း ကစားပုံကောင်းမွန်ခဲ့သလို ဒုတိယပိုင်းပွဲချိန်တွေမှာလည်း ကျွန်တော်တို့တွေ အကောင်းဆုံးလုပ်ဆောင်နေခဲ့ပါတယ်။ ဒါပေမယ့် အနီကတ်ပြစ်ဒဏ်ပေါ်လာပြီးနောက်မှာ ကျွန်တော်တို့ တိုက်ပွဲဝင်ဖို့ လိုအပ်လာခဲ့ပါတယ်။ ဒီအတွက် ကျွန်တော်တို့အသင်း လုပ်ပြခဲ့တဲ့အရာတွေကို မြင်တွေ့ရတာ အရမ်းကောင်းပါတယ်။ နိုင်ပွဲလည်း ရရှိခဲ့ပါတယ်။ကစားသမားတွေက တည်ငြိမ်ရင့်ကျက်မှုကို ပြသခဲ့ပြီး အံ့မခန်းစရာပါပဲ။ ခံစစ်ကိုလည်း အကောင်းဆုံးကစားနိုင်ခဲ့လို့ ကျေနပ်အားရမိပါတယ်။ တောင်ပံတွေမှာ ပြိုင်ဘက်ကစားသမားတွေကို ကျွန်တော်တို့တွေ ထိန်းချုပ်တားဆီးနိုင်ခဲ့ပါတယ်။ သူတို့တွေက ယှဉ်ပြိုင်ကစားဖို့ အန္တရာယ်ကြီးမားလွန်းတဲ့ ပြိုင်ဘက်အသင်းဖြစ်ပါတယ်။ ကျွန်တော်တို့အသင်း အရမ်းကောင်းခဲ့တယ်လို့ ထင်ပါတယ်”လို့ ပြောပါတယ်။
အခုနိုင်ပွဲကြောင့် ဘာစီလိုနာက ရမှတ် ၄၈ မှတ်ဖြင့် အမှတ်ပေးဇယားဦးဆောင်သူ ရီးရဲလ်မက်ဒရစ်နဲ့ နှစ်မှတ်အကွာ၊ အက်သလက်တီကိုမက်ဒရစ်နဲ့တစ်မှတ်အကွာ အနေအထားဆီ ရောက်ရှိလာခဲ့ပါတယ်။