The network connection is lost.

Banner Image

လီဂါနက်စ်ရဲ့ခြိမ်းခြောက်နိုင်မှုကို သတိပြုကြဖို့ ဘာစီလိုနာအသင်းဆီ တိုက်တွန်းလိုက်တဲ့ ဟန်စီဖလစ်ခ်

ဒီည၊ လီဂါနက်စ်နဲ့ရင်ဆိုင်ရမယ့် အဝေးကွင်းပွဲစဉ်ကို လာလီဂါအမှတ်ပေးဇယားဦးဆောင်သူတွေ ပေါ့ပေါ့တန်တန်သဘောမထားဘဲ တန်းမဆင်းရရေး အပြင်းအထန်တိုက်ပွဲဝင်နေတဲ့ အိမ်ရှင်တွေဆီမှ ခက်ခဲတဲ့စိန်ခေါ်မှုတစ်ခုပေါ်ပေါက်လာနိုင်ခြင်းကို သတိမူကြဖို့ ဘာစီလိုနာနည်းပြဟန်စီဖလစ်ခ်က ပွဲကြိုကာလမှာ ပြောကြားခဲ့ပါတယ်။

အခုညပိုင်းပွဲစဉ်မှာ ဘာစီလိုနာအတွက် အနီးဆုံးပြိုင်ဘက်ရီးရဲလ်မက်ဒရစ်ကို လေးမှတ်ထက် ပိုမိုပြတ်သားစွာ ဖြတ်တောက်ထားနိုင်မယ့် အခွင့်အရေးရှိနေသလို လီဂါနက်စ်အတွက်လည်း တန်းဆင်းဇုန်ပြင်ပဆီ ရောက်ရှိနိုင်ရေးကြိုးပမ်းနိုင်မယ့် အလားအလာတွေ ရှိနေပြန်ပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ဒီဇင်ဘာလအတွင်း ကတ္တလန်သားတွေက လီဂါနက်စ်ကို အိမ်ကွင်းမှာ အံ့အားသင့်ဖွယ် ဝ-၁ ဂိုးဖြင့် ရှုံးနိမ့်မှုအတွက် လက်စားချေရမယ့် အခိုက်အတန့်တစ်ခုလည်း ဖြစ်ပါတယ်။ လီဂါနက်စ်က ဇန်နဝါရီလအတွင်း အမှတ်ပေးချန်ပီယံပြေးလမ်းပေါ်ရှိ အက်သလက်တီကိုမက်ဒရစ်ကို အနိုင်ယူခဲ့ဖူးသလို မတ်လ၊ ရီးရဲလ်မက်ဒရစ်နဲ့ပွဲစဉ်မှာလည်း ပြိုင်ဘက်ကို အကောင်းဆုံးဒုက္ခပေးခဲ့ပါတယ်။

သောကြာနေ့သတင်းထောက်တွေနဲ့တွေ့ဆုံချိန် ဟန်စီဖလစ်ခ်က “ သူတို့တွေက ခံစစ်အရမ်းကောင်းတဲ့အသင်းဖြစ်ပြီး တိုက်စစ်ကို ဘယ်လိုကစားရမလဲဆိုတာလည်း သိကြပါတယ်။ ကျွန်တော်တို့တွေ ဒီပွဲစဉ်ကို ဂရုစိုက်သွားရပါမယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့က အခုအချိန်မှာ အမှတ်ပေးဇယားဦးဆောင်သူဖြစ်နေပြီး ဒါနဲ့ထိုက်တန်သူတစ်ဦးဖြစ်တယ်ဆိုတာ သက်သေပြသွားဖို့ လိုအပ်နေလို့ပါပဲ။ လီဂါနက်စ်ကလည်း တန်းမဆင်းရရေး တိုက်ပွဲဝင်နေပါတယ်။ ခက်ခဲတဲ့ပွဲစဉ်တစ်ခု ဖြစ်လာပါလိမ့်မယ်။

ရာသီကုန်ဖို့ ရှစ်ပွဲပဲကျန်တော့လို့ ပွဲတိုင်းက အရေးကြီးနေပြီဆိုတာ ကျွန်တော်တို့ လက်ခံထားကြပါတယ်။ ပွဲတိုင်းက အရေးကြီးနေလို့ အားလုံးကို အာရုံစိုက်သွားရပါမယ်။ မိနစ် ၉၀ ပြည့် ကျွန်တော်တို့ရဲ့ခွန်အားတွေကို ပြသသွားနိုင်ဖို့ အလွန်အရေးကြီးပါတယ်။ ဒါတွေက ရာသီအစပိုင်းမှာကတည်းကစတင်ခဲ့တဲ့ လုပ်ငန်းစဉ်တစ်ခုဖြစ်ပါတယ်။ ပြင်းပြင်းထန်ထန်အာရုံစိုက် လေ့ကျင့်နေပါတယ်။ ချန်ပီယံဖြစ်ချင်ရင် ချန်ပီယံအရည်အသွေးမျိုး ပြသနိုင်ရပါမယ်။ ပွဲကြီးတွေမှာသာမက အခုလိုပွဲစဉ်မျိုးမှာပါ ချန်ပီယံအရည်အသွေးမျိုး ပြသသွားရပါမယ်”လို့ ပြောပါတယ်။

ဒဏ်ရာရရှိနေတဲ့ ကွင်းလယ်လူဒါနီအိုလ်မိုအနေဖြင့် အသင်းအတွက် ပြန်ကစားပေးနိုင်ပြီလားဆိုတဲ့ မေးခွန်းကိုလည်း ဟန်စီဖလစ်ခ်က “ No, သူက အသင်းနဲ့တောင် မလိုက်ပါနိုင်ဘူး။ သူက အနားယူလေ့ကျင့်ရင်း ကြံ့ခိုင်မှုပြန်လည်ရရှိလာစေရေးအတွက် ဒီနေရာမှာ ကျန်နေခဲ့ပါမယ်။ အခုအချိန်မှာ အကောင်းဆုံးက ကလပ်အသင်းလေ့ကျင့်ရေးကွင်းမှာ ဒါနီအိုလ်မို ရှိနေခဲ့ဖို့ပါပဲ”လို့ တုံ့ပြန်ဖြေကြားခဲ့ပါတယ်။

ဆက်လက်ပြီး ၂၀၂၆ ခုနှစ်၊ ဇွန်လအထိ သက်တမ်းရှိနေတဲ့ သူ့ရဲ့စာချုပ်သက်တမ်းနဲ့ပတ်သက်လို့ အသက်-၆၀ နှစ်အရွယ် ဂျာမန်သားနည်းပြက “ ဒီမှာကြုံတွေ့နေရတဲ့အရာတွေကို ကျွန်တော် အမှန်တကယ်တန်ဖိုးထားပြီး ပျော်လည်း ပျော်ရွှင်မိပါတယ်။ အဝတ်လဲခန်းထဲမှာလည်း အံ့အားသင့်လောက်စရာပတ်ဝန်းကျင်တစ်ခု ဖန်တီးထားနိုင်လို့ ကျွန်တော့်ရဲ့နည်းပြသက်တမ်းတလျှောက် မကြုံစဖူးအတွေ့အကြုံတစ်ခု ဖြစ်နေပါတယ်။ မိသားစုတစ်ခုလိုပါပဲ။ ဒါ့အပြင် ကျွန်တော်ကိုယ်တိုင်လည်း ပျော်ရွှင်နေပြီး ဘာစီလိုနာအသင်းကိုလည်း နှစ်သက်မိပါတယ်။

ကျွန်တော့်မှာ ခွန်အားတွေ အများကြီးရှိပါတယ်။ ကျွန်တော်တို့တွေ တိုးတက်ဖို့လိုအပ်နေသေးလို့ တိုးတက်လာရမယ့်အရာတွေနဲ့ ဘာတွေလုပ်နိုင်မလဲဆိုတာကိုပဲ အမြဲစဉ်းစားနေပါတယ်။
ကျွန်တော်က သုံးနှစ်နဲ့အထက်သက်တမ်းရှိမယ့်စာချုပ်မျိုးကို မလိုချင်တဲ့နည်းပြတစ်ဦး ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်က ကိုယ့်ကိုယ်ကိုယ်တိုးတက်အောင် အမြဲလုပ်ဆောင်ရဦးမယ်ဆိုတာ တွေးနေနိုင်လို့ ဖြစ်ပါတယ်။ ဒီကလပ်အသင်းအတွက် နေ့စဉ်နဲ့အမျှလုပ်ဆောင်ပေးနေရတဲ့အရာတွေကို ကျွန်တော် သဘောကျပါတယ်။

နောက်တစ်နှစ်ပြီးရင်တော့ ဘာတွေဆက်ဖြစ်လာမလဲဆိုတာ စောင့်ကြည့်သွားရပါလိမ့်မယ်။ အဲ့ဒါ လက်ရှိအခြေအနေပါပဲ။ ကျွန်တော်တို့ ပျော်ပျော်ရွှင်ရွှင်ရှိနေမလား စောင့်ကြည့်သွားရပါမယ်။ ဘာတွေဖြစ်လာမလဲဆိုတာ ကျွန်တော်တို့လည်း မသိထားပါဘူး။ ကျွန်တော်ကတော့ နေ့စဉ်နေ့တိုင်း အလုပ်တွေပဲ လုပ်နေပါတယ်။ ဒီကလပ်အသင်းမှာ အပေါင်းလက္ခဏာဆောင်တဲ့အရာတွေနဲ့ပဲ ကျွန်တော့်ရဲ့အလုပ်တွေ ဆုံးခန်းတိုင်ချင်ပါတယ်”လို့ ပြောပါတယ်။