အသင်းအတွက် ၆ ယောက်မြောက်စီနီယာ ဂိုးသမားအဖြစ် ဂျော်ဂျင်ဆင်ကို ပေါင် ၂၁ သန်းနဲ့ ခေါ်ယူလိုက်တဲ့ ချဲလ်ဆီး
ချဲလ်ဆီးဟာ အသင်းမှာ စီနီယာဂိုးသမား ၅ ယောက်အထိ ရှိထားပြီးသားဖြစ်သော်လည်း ယခုအခါမှာတော့ ၆ ယောက်မြောက်အဖြစ် ဗီလာရီးရဲလ်ဂိုးသမား ဖိလစ်ဂျော်ဂျင်ဆင်ကို ပြောင်းရွှေ့ကြေးပေါင် ၂၁ သန်းနဲ့ အပြီးသတ်ခေါ်ယူလိုက်ပြီဖြစ်ပါတယ်။
အသက်-၂၂ နှစ်အရွယ် ကစားသမားရဲ့ ဈေးကွက်ပေါက်ဈေးဟာ ပေါင် ၃၈ သန်းအထိ မြင့်တက်နေပေမယ့် ချဲလ်ဆီးကတော့ ၇ နှစ်သက်တမ်းရှိစာချုပ်တစ်ရပ်နဲ့ ကမ်းလှမ်းမှုပြုလုပ်ကာ ပေါင် ၂၁ သန်းနဲ့ ညှိနှိုင်းနိုင်ခဲ့တာဖြစ်ပါတယ်။ ဒိန်းမတ်ယူ-၂၁ အသင်း အတွက် ပါဝင်ခွင့်ရထားတဲ့ ဂျော်ဂျင်ဆင်ဟာ ပြီးခဲ့တဲ့ ရာသီက ဗီလာရီးရဲလ်အတွက် စုစုပေါင်း ၃၆ ပွဲအထိ ပါဝင်ကစားပေးခဲ့ပါတယ်။
ကစားသမားဟာ ပြီးခဲ့တဲ့ရာသီကမှ အသင်းရဲ့စီနီယာဂိုးသမားအဖြစ် စတင်ပွဲထွက်ခွင့်ရခဲ့ပြီး နံပါတ် ၁ ဂိုးသမားအဖြစ် ရပ်တည်လာနိုင်ခဲ့တာဖြစ်ပါတယ်။ ဂျော်ဂျင်ဆင်ရောက်ရှိလာခဲ့ခြင်းက ချဲလ်ဆီးအတွက် ဂိုးသမားအရေအတွက် ၆ ယောက်အထိ ဖြစ်စေခဲ့ပြီး အရင်ကတည်းက စတန်းဖို့ဒ်ဘရစ်ချ်မှာ ရော်ဘတ်ဆန်းချက်ဇ်နဲ့ ပီထရိုဗစ်တို့လို ဂိုးသမားတွေရှိနေတဲ့အပြင် ရီးရဲလ်မက်ဒရစ်သို့အငှားနဲ့သွားရောက်ကစားခဲ့တဲ့ ကီပါကလည်း အသင်းသို့ ပြန်လည် ရောက်ရှိနေပြီဖြစ်ပါတယ်။
သို့သော်လည်း သတင်းတွေအရ ရော်ဘတ်ဆန်းချက်ဇ်တစ်ယောက်သာ ချဲလ်ဆီးမှာ ဆက်လက်ကျန်ရှိမှာဖြစ်ပြီး ပီထရိုဗစ်နဲ့ ကီပါတို့က အသင်းကနေထွက်ခွာသွားမယ်လို့ သိရပါတယ်။ ယခုနွေရာသီအတွင်း ဒရူစ်ဘူရီဟောလ်၊ တိုဆင်အဒရာဘီအိုယို၊ မာ့ခ်ဂွီယူ၊ ကာလက်ဘ်ဝီလီ၊ ရီနာတိုဗီဂါနဲ့ အိုမာရီကယ်လီမန်းတို့ကို ခေါ်ယူထားတဲ့ ချဲလ်ဆီးအတွက် ဂျော်ဂျင်ဆင်ဟာ ၇ ယောက်မြောက် ကစားသမားခေါ်ယူမှုဖြစ်လာခဲ့ပါတယ်။