The network connection is lost.

Banner Image

ချန်ပီယံလိဂ်ရှုံးနိမ့်မှုအပြီး ပီအက်စ်ဂျီလိုအဆင့်အတန်းမျိုးမှာ ဘာစီလိုနာ မရှိနေပါဘူးလို့ ဝန်ခံလိုက်တဲ့ ဟန်စီဖလစ်ခ်

အိုလံပစ်ကွင်းရဲ့ချန်ပီယံလိဂ်ရှုံးပွဲအပြီး ဘာစီလိုနာနည်းပြဟန်စီဖလစ်ခ်က သူ့ရဲ့အသင်းဟာ ပီအက်စ်ဂျီလို အဆင့်အတန်းမျိုးမှာ မရှိနေပါဘူးလို့ ဝန်ခံသွားခဲ့ပါတယ်။ အခုပွဲစဉ်မှာ ဘာစီလိုနာအတွက် ဖာရန်တောရက်စ်က ဦးဆောင်ဂိုးသွင်းယူပေးခဲ့ပြီး ဥရောပချန်ပီယံတွေအတွက် ပထမဆုံးပွဲချိန်မပြီးဆုံးခင်မှာတင် မာယူလူက ချေပဂိုး၊ ပွဲချိန်မိနစ် ၉၀ မှာ ဂွန်ကာလိုရာမို့စ်က အနိုင်ဂိုးတို့ကို သွင်းယူပေးခဲ့ပါတယ်။

အခုပွဲစဉ်ရလဒ်ပိုင်းနဲ့အတူ ဘာစီလိုနာက ဘောလုံးရာသီသစ်ရဲ့ပထမဆုံးရှုံးပွဲကို ကြုံတွေ့ခဲ့ပြီး ပီအက်စ်ဂျီကတော့ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ နှစ်ပွဲဆက်အနိုင်ရလဒ်ကို ဖော်ဆောင်နိုင်ခဲ့ပါတယ်။ ပွဲပြီးသတင်းစာရှင်းလင်းပွဲအတွင်း ဟန်စီဖလစ်ခ်က “ ပြိုင်ဘက်အသင်းရောက်ရှိနေတဲ့ အဆင့်အတန်းမျိုးမှာ ကျွန်တော်တို့အသင်း မရှိနေဘူးဆိုတာ ဒီနေ့မှာ မြင်တွေ့နိုင်ပါတယ်။ ဒါပေမဲ့ ကျွန်တော့်အသင်းကို ကျွန်တော် ယုံကြည်ပါတယ်။ ကျွန်တော်တို့အတွက် ကောင်းမွန်တဲ့နေ့ရက်မဟုတ်ပေမဲ့ အဲ့ဒီလိုမျိုးအဆင့်အတန်းဆီ ရောက်ရှိနိုင်ဖို့ ကျွန်တော်တို့တွေ ကြိုးစားနေပါပြီ။ ဒီနေ့မှာ ကျွန်တော်တို့ ရှုံးနိမ့်ခဲ့ပေမဲ့ နောက်တစ်ကြိမ်ပြန်ရုန်းထချင်ပါတယ်။

ဒီနေ့မှာ ပီအက်စ်ဂျီရဲ့အဆင့်အတန်းကို မြင်တွေ့ခဲ့ရပြီး ဒီလိုပုံစံမျိုး ကျွန်တော်တို့လည်း ကစားနိုင်တယ်ဆိုတာ ရာနှုန်းပြည့်အာမခံပါတယ်။ တိုက်စစ်၊ ခံစစ် အခြေအနေနှစ်ခုလုံးမှာ အသင်းတစ်ခုလုံး ပါဝင်ဖို့လိုအပ်ပြီး နေရာလွတ်တွေကို အသုံးချကာ ဘောလုံးပိုင်ဆိုင်ထားချိန် အသင်းကစားသမားအားလုံး ပါဝင်ပတ်သက်နေရပါမယ်။

ပီအက်စ်ဂျီကစားသမားတွေဆိုရင် ဘောလုံးပိုင်ဆိုင်မှု ကို အချိန်တိုင်းရယူလိုနေပြီး နေရာလွတ်တွေကို ဘယ်လိုအသုံးချရမယ်၊ တစ်ဦးချင်းရင်ဆိုင်ရတဲ့အချိန်တွေမှာ ဘယ်လိုကစားရမယ်ဆိုတာကို သိထားကြပါတယ်။ ဒါက ကျွန်တော်တို့အတွက်လည်း သင်ခန်းစာတစ်ခုဖြစ်ပြီး ပိုကောင်းလာအောင် လုပ်သွားရပါမယ်”လို့ ပြောပါတယ်။

ဒဏ်ရာပြဿနာကြောင့် ဒမ်ဘီလီ၊ ဒူအီ၊ ခဗာရက်စ်ခီလီယာနဲ့ မာကွင်ဟို့စ်တို့လို အဓိကကစားသမားတွေကို လက်လွှတ်ထားရတဲ့ ပီအက်စ်ဂျီနဲ့ရင်ဆိုင်ရချိန် ဘာစီလိုနာက သူတို့ကိုယ်သူတို့ သက်သေပြနိုင်ဖို့ ပွဲစဉ်ဆီ ဝင်ရောက်လာခဲ့ပါတယ်။ ဖာရန်တောရက်စ်ရဲ့ဦးဆောင်ဂိုးကြောင့် ဘာစီလိုနာရဲ့ယုံကြည်မှု အားကောင်းလာခဲ့ပေမဲ့ ဂျိုအန်ဂါစီယာ၊ ဂါဗီ၊ ရာဖင်ဟာ၊ ဖာမင်လိုပက်ဇ်တို့ကို ဆုံးရှုံးထားရတဲ့ အသင်းအတွက် ဒုတိယပိုင်းပွဲချိန်တွေက အလွန်ခက်ခဲခဲ့ပါတယ်။

ဒါကြောင့် ဦးစားပေးတိုက်စစ်မှူးတွေ မကစားနိုင်ချိန် ပြသခဲ့တဲ့ ပီအက်စ်ဂျီရဲ့စွမ်းဆောင်ရည်ကို ဟန်စီဖလစ်ခ် သဘောကျနေခဲ့ပါတယ်။ ကတ္တလန်ကလပ်အသင်းနည်းပြက “ ပီအက်စ်ဂျီအသင်းရဲ့အတွေးအခေါ်ပိုင်းက အရမ်းကောင်းမွန်ပါတယ်။ လူစားဝင်လာတဲ့ အရည်အသွေးမြင့်လူငယ်ကစားသမားတွေနဲ့အတူ ဘောလုံးကို မြန်နှုန်းမြင့်ကစားနိုင်ပါတယ်။

သူတို့မှာ သစ်လွင်လန်းဆန်းတဲ့ကစားသမားကောင်းတွေ ရှိနေပြီး အသင်းရဲ့အဆင့်အတန်းကို တိုးမြှင့်နိုင်ခဲ့တယ်ဆိုတာ မြင်တွေ့နိုင်ပါတယ်။ ကျွန်တော်တို့အသင်းက လွန်ခဲ့တဲ့သီတင်းပတ်တွေအတွင်းမှာ ပွဲစဉ်ပေါင်းများစွာ ကစားခဲ့ရပါတယ်။ ဒါကြောင့် ဒီအချက်ကိုလည်း ကျွန်တော်တို့ သင်ယူသွားရပါမယ်။

ကျွန်တော်တို့တွေ ပြိုင်ပွဲကို အကောင်းဆုံးစတင်ခဲ့ပေမဲ့ ပွဲချိန်မိနစ် ၃၀၊ ၃၅ မိနစ်လောက်မှာ ပွဲကို ပီအက်စ်ဂျီ လွှမ်းမိုးသွားခဲ့ပါတယ်။ ပွဲကိုမထိန်းချုပ်နိုင်တော့တဲ့ ပထမပိုင်းပွဲချိန်တွေမှာရော၊ ဒုတိယပိုင်းပွဲချိန်တွေမှာပါ ကျွန်တော်တို့အသင်း ဒုက္ခလှလှတွေ့ခဲ့ပါတယ်။ အမြင့်ဆုံးအဆင့်အတန်းဆီရောက်ရှိနေချိန် ရှိနေရမယ့်တည်ဆောက်မှုပုံစံမျိုး ကျွန်တော်တို့ဆီမှာ မရှိခဲ့ပါဘူး။ အထူးသဖြင့် ပီအက်စ်ဂျီလိုအရည်အသွေးမြင့်ပြိုင်ဘက်နဲ့ ရင်ဆိုင်ရတဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဒီအချက်က မရှိမဖြစ်လိုအပ်ပါတယ်။

ဒုတိယပိုင်းပွဲချိန်တွေမှာဆိုရင် အချို့ကစားသမားတွေ အတော်လေးမောပန်းနေပါပြီ။ ကျွန်တော်တို့က ပက်ဒရီ၊ ရက်ရှ်ဖို့ဒ်တို့ကို ဂရုစိုက်ပေးဖို့ လိုအပ်ခဲ့သလို ဒီဂျောင်ကိုလည်း အလားတူ ဂရုစိုက်ပေးရပါမယ်။ ဒီဂျောင်ကိုယ်တိုင်လည်း အသင်းအတွက် အစွမ်းကုန်ပေးဆပ်ခဲ့ပါတယ်။

သာမန်အားဖြင့် တစ်ဖက်တစ်ဂိုးစီသရေကျနေချိန် အသင်းခံစစ်ပိုင်းမှာ ပိုမိုကောင်းမွန်တဲ့ တည်ဆောက်မှုပုံစံတစ်ခု လိုအပ်လိမ့်မယ်လို့ ထင်ပါတယ်”လို့ ပြောပါတယ်။ ဘာစီလိုနာက လာလီဂါအမှတ်ပေးဇယားထိပ်ဆုံးနေရာကို ဆက်လက်ထိန်းသိမ်းနိုင်ဖို့အတွက် လာမယ့်တနင်္ဂနွေနေ့မှာ ဆီဗီလာနဲ့ အဝေးကွင်းပွဲစဉ် ယှဉ်ပြိုင်ကစားရပါမယ်။