
အပြာကတ်အသုံးပြုမယ့် အစီအစဉ်ကို ပိတ်ပင်လိုက်တဲ့ ဖီဖာဥက္ကဌ အင်ဖန်တီနို
ပြီးခဲ့တဲ့လတုန်းက တယ်လီဂရက်ဖ်ကဖော်ပြတဲ့သတင်းအရ နိုင်ငံတကာဘောလုံးဘုတ်အဖွဲ့ (IFAB) ဟာ အပြာကတ်အစီအစဉ်ကို မိတ်ဆက်တော့မယ်လို့ သိရပြီး အစောဆုံးလာမယ့်ရာသီမှာ အသုံးပြုမယ်လို့ ဆိုပါတယ်။
ဒါပေမယ့် နောက်ထပ်သတင်းတွေအရ အဆိုပါကတ်တွေကို ထိပ်တန်းပြိုင်ပွဲတွေမှာ အသုံးပြုမှာမဟုတ်ပဲ အက်ဖ်အေ ၊ လိဂ်ဖလား နဲ့ ပြည်တွင်းဖလားတွေမှာသာ အသုံးပြုမယ်လို့ ဖော်ပြခဲ့ပါတယ်။
ဖီဖာကတော့ အဆိုပါအပြာကတ်အစီအစဉ်ကို ထိပ်တန်းပြိုင်ပွဲတွေမှာ အသုံးပြုမယ့်အနေအထားကို ငြင်းဆန်ခဲ့ပါတယ်။
အခုချိန်မှာလည်း ဖီဖာဥက္ကဌ အင်ဖန်တီနိုက အခုလိုမျိုးမဖြစ်နိုင်ဘူးလို့ အခိုင်အမာပြောကြားခဲ့ပါတယ်။ “စည်းမျည်းတွေကို မပြောင်းလဲနိုင်ပါဘူး။ ဒီသတင်းခေါင်းစဉ်က ကျွန်တော်တို့မသိတဲ့အရာပါ။ ဖီဖာအနေနဲ့ အဆိုပါအပြာကတ်အစီအစဉ်ကို ဖီဖာဘက်က လုံးဝကန့်ကွက်ပါတယ်။
ကျွန်တော် ဖီဖာဥက္ကဌတစ်ဦးအနေနဲ့ ဒီသတင်းခေါင်းစဉ်ကို သတိမထားမိပါဘူး။ ဖီဖာက IFAB မှာပြောခဲ့တယ်လို့ ကျွန်တော်ထင်ပါတယ်။ ကျွန်တော်တို့ အရမ်းပြင်းထန်ခဲ့ပါတယ်။
ပြီးတော့ ကျွန်တော်တို့ဟာ အမြဲတမ်းစိတ်ကူးအသစ်တွေ တင်ပြမှုအသစ်တွေအတွက် လမ်းဖွင့်ထားပါတယ်။ ဒါပေမယ့် ဒီလိုမျိုးအပြာကတ်အနေအထားက အဆင်မပြေသလို အပြာကတ်ဆိုတာ ရှိလာမှာမဟုတ်ပါဘူး”လို့ အင်ဖန်တီနိုက ပြောကြားခဲ့ပါတယ်။
အပြာကတ်ပြသခံရတဲ့ကစားသမားဟာ ပြိုင်ပွဲကနေ ၁၀ မိနစ်အနားပေးခံရမှာဖြစ်တယ်လို့ ကနဦးစည်းမျည်းသတ်မှတ်ထားတာဖြစ်ပါတယ်။
အပြာကတ်တွေကို ပြိုင်ပွဲတွေမှာ အသုံးပြုဖို့ စီစဉ်နေပေမယ့် အက်သလက်တစ်သတင်းဌာနကတော့ ဖီဖာ နဲ့ IFAB တို့အနေနဲ့ အဆိုပါပြဿနာအတွက် တနင်္ဂနွေနေ့အထွေထွေတွေ့ဆုံမှုမှာ ညှိနှိုင်းရဖွယ်ရှိနေပါတယ်။