
အင်တာမီလန်ကို ကျော်ဖြတ်ဖို့ မျှော်လင့်ချက်ရှိနေသေးကြောင်း ပြောကြားလာတဲ့ ဗန်ပါစီ
ဖီယင်နုနည်းပြသစ် ရော်ဘင်ဗန်ပါစီက သူ့ရဲ့အသင်းဟာ ချန်ပီယံလိဂ်ရှုံးထွက် ၁၆ သင်းအဆင့်ပထမအကျော့ပွဲစဉ်မှာ အင်တာမီလန်ကို ၀-၂ နဲ့ဂိုးပြတ်အရေးနိမ့်ထားပေမယ့် ဒုတိယအကျော့မီလန်မြေမှာ ပြန်လည်အနိုင်ယူပြီး ကွာတားဖိုင်နယ်အဆင့်သို့တက်လှမ်းနိုင်သေးကြောင်း ပြောကြားလာခဲ့ပါတယ်။
ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ ဗန်ပါစီက "ဘောလုံးလောကရဲ့အလှတရားက အမြဲတမ်းမျှော်လင့်ချက်ရှိနေတာပါပဲ။အခွင့်အရေးနည်းနေတယ်ဆိုရင်တောင် မျှော်လင့်ချက်ကတော့ ရှိနေဦးမှာပါ။ ကျွန်တော်တို့အနေနဲ့ လူတွေကို အံ့အားသင့်စေချင်ပါတယ်။ လောလောဆယ်မှာ လူတွေထင်နေတာက ကျွန်တော်တို့မှာ နောက်တစ်ဆင့်ကိုတက်ရောက်နိုင်ဖို့ မျှော်လင့်ချက်မရှိဘူးဆိုတာပါပဲ။ ကျွန်တော်ကတော့ အဲဒီလိုမထင်ပါဘူး။ အင်တာမီလန်ကိုအနိုင်ယူပြီး နောက်တစ်ဆင့်ကိုတက်နိုင်တယ်လို့ထင်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ အကောင်းဆုံးလုပ်ဆောင်သွားဖို့လိုပါတယ်" လို့ပြောကြားခဲ့ပါတယ်။
ဗန်ပါစီဟာ ဖီယင်နုနည်းပြအဖြစ် ၂ ပွဲသာကိုင်တွယ်ထားရသေးတာဖြစ်ပြီး ပထမအကျော့မှာ မားကပ်စ်သူရမ်နဲ့ လော်တာရိုမာတီနက်ဇ်တို့ရဲ့သွင်းဂိုးတွေကြောင့် အင်တာမီလန်ကို ရှုံးနိမ့်ထားခဲ့တာဖြစ်ပါတယ်။ ဆက်လက်ပြီး နယ်သာလန်သားက "အရေးကြီးဆုံးပြောချင်တာကတော့ ဒီပွဲအတွက် ကျွန်တော်တို့ တစ်ယောက်နဲ့တစ်ယောက် ယုံကြည်မှုရှိနေဖို့လိုပါတယ်။ကျွန်တော်ဖြတ်သန်းခဲ့တဲ့ အတိတ်တွေထဲမှာ ဒီထက်ပိုဆိုးတဲ့အခြေအနေတွေနဲ့တောင် နောက်တစ်ဆင့်ကို တက်သွားနိုင်တဲ့အသင်းတွေ မြင်တွေ့ခဲ့ဖူးပါတယ်"
"ကြီးမားတဲ့စိန်ခေါ်မှုတစ်ခုကို ကျွန်တော်တို့ အတူတူရင်ဆိုင်သွားရပါမယ်။ ဒီစိန်ခေါ်မှုကနေ ထွက်ပြေးမှာမဟုတ်ပါဘူး။ အသင်းမှာ ကစားသမားကောင်းတွေလည်း အလုံအလောက်ရှိပါတယ်။ အင်တာမီလန်ကလည်း အရမ်းကောင်းတဲ့အသင်းပါ။ တိုက်စစ်နဲ့ ခံစစ်ဟန်ချက်ညီပါတယ်။ တစ်ဖက်မှာ ကျွန်တော်တို့အတွက် ဒီပွဲက ကြီးမားတဲ့စိန်ခေါ်မှုဖြစ်ပေမယ့် တစ်ဖက်မှာတော့ ကြီးမားတဲ့ အခွင့်အရေးကြီးဖြစ်နေနိုင်ပါတယ်။ ကျွန်တော်တို့ အခွင့်အရေးယူနိုင်ဖို့လိုပါတယ်" လို့ပြောကြားခဲ့ပါတယ်။
ဗန်ပါစီအနေနဲ့ ဖီယင်နုအတွက် စိတ်ဓာတ်တက်ကြွဖွယ်စကားတွေကို ပြောကြားခဲ့ပေမယ့် လက်ရှိအချိန်မှာ အသင်းရဲ့တိုက်စစ်မှူး အီဂေါ်ပိုင်ရှောင် ဒဏ်ရာရနေတာကြောင့် အင်တာမီလန်ကို ဂိုးသွင်းနိုင်ဖို့ ခက်ခက်ခဲခဲရုန်းကန်သွားရနိုင်ပါတယ်။ ဗန်ပါစီက "အီဂေါ်ပိုင်ရှောင်မပါဝင်နိုင်တာက အသင်းအတွက် ကြီးမားတဲ့ထိုးနှက်ချက်ဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် သူ့ရဲ့ဒဏ်ရာက ကာလရှည်မဟုတ်ဘဲ လာမယ့်ရက်အနည်းငယ်အတွင်းမှာပဲ ပြန်ကစားနိုင်မယ်လို့ ယူဆထားပါတယ်" လို့ပြောကြားခဲ့ပါတယ်။