The network connection is lost.

Banner Image

ယူနိုက်တက်အပေါ် ဂလေဇာမိသားစုရဲ့ကိုင်တွယ်ပုံကို ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့တဲ့ ဖာဒီနန်

မန်ချက်စတာယူနိုက်တက် နောက်ခံလူဟောင်း ရီယိုဖာဒီနန်က ဂလေဇာမိသားစုရဲ့ အသင်းပေါ် ချုပ်ကိုင်မှုက "ရှက်စရာ" ကောင်းတယ်လို့ ‌ပြင်းပြင်းထန်ထန်ဝေဖန်လိုက်ပြီး အသင်းနည်းပြ အဲရစ်တန်ဟက်ကလည်း အိုးလ်ထရက်ဖို့ဒ်ရဲ့ အဝတ်လဲခန်းအတွင်း ဆိုးရွားနေတဲ့ အခြေအနေတွေကို ကိုင်တွယ်နိုင်ဖို့ ကြိုးစားနေပြီဖြစ်တယ်လို့ အသိပေးပြောကြားလာခဲ့တာဖြစ်ပါတယ်။

ယူနိုက်တက်ဟာ စနေနေ့က အိမ်ကွင်းအိုးလ်ထရက်ဖို့ဒ်မှာ နည်းပြဒီဇာဘီရဲ့ ဘရိုက်တန်ကို ၁-၃ နဲ့ရှုံးနိမ့်ခဲ့ပြီးနောက် ပရီးမီးယားလိဂ်နောက်ဆုံး ၄ ပွဲမှာ ၃ ပွဲအထိရှုံးပွဲကြုံတွေ့ထားရပြီး ထိပ်ဆုံး ၄ သင်းနဲ့ ၇ မှတ်အထိကွာဟနေကာ တန်းဆင်းဇုံနဲ့ ၅ မှတ်သာကွာဟတော့တာဖြစ်ပါတယ်။ ဒါကြောင့်ယူနိုက်တက်ဟာ လက်ရှိပရီးမီးယားလိဂ် အမှတ်ပေးဇယားရဲ့ အဆင့် ၁၃ နေရာမှာရပ်တည်နေပြီး လာမယ့် ကြာသပတေးနေ့မနက်မှာ  ချန်ပီယံလိဂ်ပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားရမယ့် ဘိုင်ယန်မြူးနစ်အသင်းနဲ့ ပွဲစဉ်မှာ အကောင်းဆုံးပြန်လာနိုင်ဖို့ကြိုးပမ်းရမှာဖြစ်ပါတယ်။

ယခုအခါ အင်္ဂလန်လက်ရွေးစင်ကစားသမားဟောင်း ရီယိုဖာဒီနန်က ယူနိုက်တက်အနေနဲ့ အသင်းရဲ့ကစားသမား အတော်များများကိုရောင်းချဖို့လိုအပ်နေပြီး အသင်းအပေါ် ဂလေဇာမိသားစုရဲ့ လုပ်ဆောင်ချက်ကင်းမဲ့မှုတွေအပေါ် ဝေဖန်ပြောဆိုလိုက်တာဖြစ်ပါတယ်။

၎င်းရဲ့ FIVE ယူကျုချန်နယ်မှတစ်ဆင့် ဖာဒီနန်က "ယူနိုက်တက်ကိုပဲ ကြည့်နေတာမဟုတ်ဘဲ ဘောလုံးပွဲကိုကြည့်တတ်တဲ့ လူတိုင်း ဘရိုက်တန်ရဲ့ လုပ်ဆောင်နိုင်စွမ်းနဲ့ ယူနိုက်တက်ရဲ့လုပ်ဆောင်နိုင်စွမ်းကွာဟမှုကို မြင်နိုင်ပါတယ်။ ဘောလုံးပွဲကြည့်တတ်တဲ့လူ‌ဆိုရင် ယူနိုက်တက်အနေနဲ့ ဘရိုက်တန်ဆီကနေ အနိုင် ၃ မှတ်ရလိမ့်မယ်လို့ ထင်မှာမဟုတ်ပါဘူး။ အနိုင်ရဖို့ လုံးဝအခွင့်အရေးမရှိပါဘူး။ ရူးချင်စရာပါပဲ။ လူတွေက ထိုးကျွေးခံရမယ့်လူကို ရှာနေပါတယ်။ ဒါကမီဒီယာတွေရဲ့ နည်းလမ်းဖြစ်ပြီး ရှုံးပွဲအတွက် လူတစ်ယောက်အပေါ် အကုန်လုံးကိုပုံချဖို့ကြိုးစားနေကြတာပါ။ "မားကက်စ်ရက်ရှ်ဖို့ဒ် အလုပ်ကောင်းကောင်းမလုပ်ဘူး"တို့ "ဘရူနိုဖာနန်ဒက်စ် ကိုအသင်းခေါင်းဆောင်ခန့်ထားတာကိုး"တို့ စသည်ဖြင့် လူတွေပြောနေတာမြင်နေရပါတယ်။ ဘယ်သူမှ ဒီပြဿနာရဲ့ အရင်းအမြစ်ကို လေးလေးနက်နက်စူးစမ်းဖို့ မကြိုးစားကြပါဘူး။ တစ်ယောက်တည်းနဲ့ဖြေရှင်းလို့ရတဲ့အရာ ဘောလုံးလောကမှာမရှိပါဘူး။ ဥပမာ ကျွန်တော်တို့မှာ ခရစ္စတီယာနိုတောင်ရှိခဲ့သေးတာပဲ။ သူလည်း မဖြေရှင်းနိုင်ခဲ့ပါဘူး။ ကျွန်တော်တို့မှာ ဂုဏ်သတင်းကြီးမားတဲ့ နည်းပြတွေလည်း တစ်ယောက်ပြီးတစ်ယောက်ခန့်အပ်ခဲ့ပြီးပါပြီ။ ပိုက်ဆံတွေလည်းအများကြီးသုံးခဲ့ပြီးပြီ။ ကျွန်တော်တို့အသင်းကို ပြောင်းလဲမှုတွေအမျိုးမျိုးပြုလုပ်ခဲ့ပြီးပါပြီ။ ဒါပေမယ့် တကယ့်စည်းလုံးမှုရရှိဖို့အတွက် လိုအပ်တဲ့ချဉ်းကပ်မှုတစ်ခု ပြုလုပ်ဖို့လိုအပ်နေပါတယ်။ အဲဒါကတော့ အကြီးမားဆုံးပြဿနာတွေထဲကတစ်ခုဖြစ်တဲ့ အသင်းရဲ့ပိုင်ရှင်တွေပါပဲ"လို့ ပြောကြားခဲ့ပါတယ်။

ယူနိုက်တက်ပိုင်ရှင် ဂလေဇာတွေဟာ ပြီးခဲ့တဲ့နိုဝင်ဘာလက အသင်းကိုရောင်းချရန် မဟာဗျူဟာမြောက် အစီအစဉ်တစ်ခုကို ရေးဆွဲထား‌ကြောင်းကြေညာခဲ့ပြီး အစီအစဉ်အရ အသင်းကို အပြည့်အဝရောင်းချဖို့အထိ ဖြစ်နိုင်ချေများပါဝင်နေတာဖြစ်ပါတယ်။ ကာတာဘီလီယံနာ ရှိတ်ခ် ဂျာဆင်နဲ့ ဆာဂျင်ရက်ကလစ်ဖ်တို့က ယူနိုက်တက်ကိုဝယ်ယူရန် အပြိုင်အဆိုင်ကမ်းလှမ်းခဲ့ကြသော်လည်း ယခုအခါ ဂလေဇာများက အပြီးသတ်ရောင်းချရန် တွန့်ဆုတ်နေခဲ့ပြီး အသင်းရဲ့တန်ဖိုးကို မတန်မဆမြှင့်တင်ထားတာဖြစ်ပါတယ်။

သို့သော် ရှိတ်ခ်ဂျာဆင်နဲ့ ရက်ကလစ်ဖ်တို့ကတော့ ဝယ်ယူဖို့ကို လက်လျှော့မှာမဟုတ်ဘဲ ကမ်းလှမ်းချက်အသစ်တွေ ဆက်လက်လုပ်ဆောင်နေဆဲဖြစ်တယ်လို့ ဆိုပါတယ်။ ယူနိုက်တက်ပရိသတ်အများစုကဲ့သို့ အသင်းကိုရောင်းချစေလိုတဲ့ ဖာဒီနန်က မန်စီးတီးနဲ့ယှဉ်ပြိုင်ခဲ့တဲ့ အက်ဖ်အေဖလား ပွဲစဉ်အပြီးကတည်းက ဂလေဇာမိသားစုရဲ့ အသင်းနဲ့ အဆက်အသွယ်ပြတ်တောက်မှုအပေါ် ဝေဖန်ပြောဆိုမှုတွေပြုလုပ်ခဲ့တာဖြစ်ပါတယ်။

ဖာဒီနန်က "အသင်းပိုင်ရှင်၊ ဂလေဇာတွေ သူတို့ အခုဘာပြောပြော ကျွန်တော်ဂရုမစိုက်ပါဘူး။ ပြီးခဲ့တဲ့ ဇွန်လကတည်းက သူတို့ဆီကအသံမကြားရတော့တာပါ။ ဘယ်လုပ်ငန်းမှာပဲဖြစ်ဖြစ် ရှင်သန်ကြီးထွားဖို့၊ တိုးတက်ဖို့နဲ့ ကောင်းမွန်စွာအလုပ်လုပ်ဆောင်နိုင်ဖို့ အပြန်အလှန် အဆက်အသွယ်ရှိရပါမယ်။ ဒါပေမယ့် သူတို့ကတော့ ယူနိုက်တက်နဲ့ လုံးဝအဆက်အသွယ်ပြတ်နေတာပါ။ ကျွန်တော့်မျက်လုံးထဲမှာတော့ ဒါက ရှက်ဖို့ကောင်းပါတယ်။ အခုဆိုရင် အသင်းရဲ့အဝတ်လဲခန်းက ကစားသမားတွေ ဝင်လိုက်ထွက်လိုက်နဲ့ ယိုယွင်းနေတဲ့ အခြေခံအဆောက်အအုံတစ်ခု ဖြစ်နေပေမယ့် အသင်းပိုင်ရှင်တွေက ဒါကိုကူညီဖို့ အဆက်အသွယ်မလုပ်ကြပါဘူး။ သူတို့အနေနဲ့ အသင်းကိုချစ်တယ်၊ ဂရုစိုက်တယ်ဆိုရင် သူတို့က အေးစက်တဲ့နှလုံးသားပိုင်ရှင်တွေလို စီးပွားရေးအတွက်ပဲ အသုံးချနေမှာမဟုတ်ဘူးလို့ ယုံကြည်ပါတယ်။ တိတ်ဆိတ်မှုတွေက စကားတွေအများကြီးပြောပါတယ်။ အသံလည်းကျယ်ပါတယ်"လို့ထပ်လောင်းပြောကြားခဲ့ပါတယ်။