The network connection is lost.

Banner Image

လီဂါဝါဆောနဲ့ပွဲစဉ်မှာ သူ့ရဲ့အတွေ့အကြုံတွေကို အသုံးချနိုင်မယ်လို့ ယုံကြည်ထားတဲ့ မာရက်စ်ကာ

ချဲလ်ဆီးနည်းပြ အန်ဇိုမာရက်စ်ကာက လီဂါဝါဆောနဲ့ယှဉ်ပြိုင်သွားရမယ့် ယူရိုပါကွန်းဖရန့်လိဂ် ကွာတားဖိုင်နယ်ပွဲစဉ်မှာ သူ့ရဲ့အတွေ့အကြုံတွေကို အသုံးချဖို့ပြင်ဆင်ထားတာကြောင့် ပွဲကို အသာစီးကနေ ကစားနိုင်ဖို့ ယုံကြည်ထားကြောင်း ပြောကြားလာခဲ့ပါတယ်။ မာရက်စ်ကာဟာ ကစားသမားဘဝမှာ ဆီဗီလာ၊ အေသင်နဲ့ တူရင်မှာ ဒါဘီပွဲစဉ်တွေကစားခဲ့ဖူးတာကြောင့် ပြိုင်ဘက်ပရိသတ်တွေရဲ့ စိတ်အားထက်သန်မှုတွေ၊ အားပေးမှုတွေနဲ့ပတ်သက်ပြီး ကောင်းကောင်းနားလည်ထားသူဖြစ်ပါတယ်။ ဒါကြောင့် သူကစားခဲ့ဖူးတဲ့ ဒါဘီပွဲစဉ်တွေမှ အိမ်ကွင်းပရိသတ်တွေရဲ့ အားပေးမှုမျိုးကို ယခုပွဲစဉ်မှာလည်း မြင်တွေ့ထားရမယ်လို့ မျှော်လင့်ထားပါတယ်။ 

အီတလီသားနည်းပြက "ကျွန်တော်တို့ဟာ ဘောလုံးစွမ်းရည်သာမက ဘယ်နေရာမှာမဆို ကြီးမားတဲ့ပုံရိပ်ကို ပြနိုင်ဖို့ကြိုးစားနေပါတယ်။ တစ်ခါတလေမှာ ကျွန်တော်တို့ဟာ ဘယ်ကိုသွားပြီးကစားရမယ်ဆိုတာကို ကောင်းကောင်းနားလည်ဖို့လို့တယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့အသင်းက ကစားသမားတွေက ကမ္ဘာအနှံ့ကနေလာခဲ့ကြတာဆိုတော့ အချို့နေရာတွေနဲ့ပတ်သက်ပြီး မသိသေးတဲ့အရာတွေရှိပါတယ်။ ဒါပေမယ့် ကျွန်တော့်အတွေ့အကြုံတွေအရ ဒီလိုပွဲတွေမှာ ဘယ်လိုကိုင်တွယ်ဖြေရှင်းရမလဲ ကောင်းကောင်းသိပြီးသားပါ"

"ဒီလိုပွဲမျိုး ကစားခွင့်ရတာကို ကံကောင်းတယ်လို့ ကစားသမားတွေအနေနဲ့ သတ်မှတ်ဖို့လိုပါတယ်။ ဒီလိုပွဲတွေကနေ အတွေ့အကြုံတွေ ရရှိထားဖို့လိုအပ်ပါတယ်။ ကျွန်တော်တို့ ဒီပွဲမှာပိုကောင်းတဲ့အသင်းဖြစ်မယ်ဆိုတာ သေချာပါတယ်။ ဒီပွဲတွေမှာ တိုးတက်မှုကို ပြသသွားရပါမယ်။ ပြီးတော့ ပြင်ပကကိစ္စတွေက ပွဲရဲ့အခြေအနေအပေါ်မှာ သက်ရောက်မှုမရှိစေဖို့ ဂရုစိုက်သွားရပါမယ်" လို့ပြောကြားခဲ့ပါတယ်။ 

ဆက်လက်ပြီး ပရိသတ်အားပေးမှုက အသင်းအတွက်အလွန်အရေးကြီးကြောင်းနဲ့ တော့တင်ဟမ်နဲ့ပွဲစဉ်အနိုင်ရခဲ့ခြင်းမှာ ပရိသတ်တွေရဲ့အားပေးမှုက အရေးပါခဲ့ကြောင်း အီတလီသားနည်းပြက ရှင်းပြပြောဆိုခဲ့ပါတယ်။  မာရက်စ်ကာက "ပရိသတ်တွေရှိနေရင် ကျွန်တော်တို့အတွက် အရမ်းအားတက်စရာဖြစ်ပါတယ်။ တော့တင်ဟမ်ကို အိမ်ကွင်းမှာနိုင်ခဲ့တာ သူတို့ကြောင့်ပါပဲ။ ပရိသတ်တွေကလည်း ကျွန်တော်တို့နဲ့အတူတူ ပွဲထဲမှာ အရေးပါတဲ့အစိတ်အပိုင်းကနေပါဝင်ကြပါတယ်။ ဒါကြောင့် ကျွန်တော်တို့အမြဲတမ်း ပရိသတ်တွေက ၁၂ ယောက်မြောက်ကစားသမားတွေဖြစ်တယ်လို့ ပြောတာပါ။ မနက်ဖြန်ပွဲမှာလည်း ၁၂ ယောက်မြောက်ကစားသမားတွေနဲ့အတူ ယှဉ်ပြိုင်နိုင်ဖို့မျှော်လင့်ပါတယ်။ ဒါပေမယ့်တစ်ချိန်တည်းမှာပဲ ကျွန်တော်တို့အနေနဲ့ ပွဲရဲ့အခြေအနေကို သေချာထိန်းချုပ်သွားရပါမယ်" လို့ပြောကြားခဲ့ပါတယ်။