The network connection is lost.

Banner Image

ဘရိုက်တန်ရဲ့အနိုင်ဂိုးနဲ့ပတ်သက်ပြီး ဝေဖန်လိုက်တဲ့ မာရက်စ်ကာ

ဘရိုက်တန်ကို ၂-၁ နဲ့ အက်ဖ်အေဖလားမှာ အရေးနိမ့်ခဲ့ပြီးနောက် ချဲလ်ဆီးနည်းပြ မာရက်စ်ကာက ဘရိုက်တန်ရဲ့အနိုင်ဂိုးဟာ လက်ထိဘောဆိုတာကို ရှင်းလင်းနေတယ်လို့ ဝေဖန်လိုက်ပါတယ်။ ချဲလ်ဆီးဟာ ဘရိုက်တန်ကို ဘရိုက်တန်ဂိုးသမား ဗာဘရူဂန်ရဲ့ OG ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ဘရိုက်တန်က ရူတာ ၊ မီတိုမာတို့ရဲ့ဂိုးတွေနဲ့ အနိုင်ယူနိုင်ခဲ့တာဖြစ်ပါတယ်။

ဘရိုက်တန်ရဲ့အနိုင်ဂိုးမှာ လမ်တေတစ်ယောက် ဘောလုံးရယူခဲ့ရာမှာ လက်နဲ့ထိခဲ့တာဖြစ်ပါတယ်။ မာရက်စ်ကာက အဆိုပါအနိုင်ဂိုးနဲ့ပတ်သက်ပြီး ဝေဖန်ခဲ့သလို VAR မရှိတာနဲ့ပတ်သက်လို့လည်း ဝေဖန်ခဲ့ပါတယ်။ “ကျွန်တော်တို့ ပထမပိုင်းမှာ အများကြီးထိန်းချုပ်နိုင်ခဲ့ပါတယ်။ ဒုတိယပိုင်းမှာ သူတို့ကန်ချက်အနည်းငယ်ပဲရခဲ့ပေမယ့် ဂိုးတွေပြန်ရခဲ့ပါတယ်။ ဘရိုက်တန်ရဲ့အနိုင်ဂိုးဆိုရင် လက်ထိဘောဆိုတာ ရှင်းလင်းနေပါတယ်။ ပြီးခဲ့တဲ့ ၂ ရက် ဒါမှမဟုတ် ၃ ရက်တုန်းက ပွဲတွေမှာလည်း မတူညီတာတွေဖြစ်ခဲ့ပါတယ်။ ဒီပြိုင်ပွဲမှာ VAR မပါတာက တော်တော်လေးရှုပ်ထွေးပါတယ်”လို့ မာရက်စ်ကာက ပြောကြားခဲ့ပါတယ်။

အက်ဖ်အေဖလားမှာ  မဉ္စမအဆင့်မရောက်ခင်အထိ VAR မပါဝင်တာကြောင့် အခြေအနေတွေက ဆိုးဝါးနေတာဖြစ်ပါတယ်။ မာရက်စ်ကာက အဆိုပါဖြစ်ရပ်တွေနဲ့ပတ်သက်ပြီး ယူနိုက်တက် နဲ့ လက်စတာနဲ့ပွဲက ဖြစ်ရပ်ကိုလည်း ထောက်ပြခဲ့ပါတယ်။ အက်ဖ်အေဖလားကနေထွက်ခွာခဲ့ရပြီးနောက် ချဲလ်ဆီးအနေနဲ့ ပရီးမီးယားလိဂ် နဲ့ ကွန်းဖရန့်လိဂ်ကိုသာ အာရုံစိုက်ရတော့မှာဖြစ်ပါတယ်။

လာမယ့်ဖေဖော်ဝါရီ ၁၄ ရက်နေ့မှာ ချဲလ်ဆီးအသင်းဟာ ဘရိုက်တန်အသင်းနဲ့ ထပ်မံရင်ဆိုင်ရမှာဖြစ်ပါတယ်။ “ကျွန်တော်တို့ ဒီကိုလာပြီး ဘောလုံးကစားဖို့ ကြိုးစားခဲ့ပါတယ်။ ပွဲတိုင်းကိုအနိုင်ရဖို့ ပစ်မှတ်ထားထားတာပါ။ ဒါပေမယ့် တစ်ချိန်တည်းမှာ ကျွန်တော်တို့ ရလဒ်နဲ့ပတ်သက်ပြီး လက်ခံရပါမယ်။ ၂-၁ အနေအထားဖြစ်ခဲ့ပေမယ့် အခွင့်အရေးတွေရခဲ့ပါတယ်။ ဒါပေမယ့် အခုတော့ လက်ကျန်လိဂ် ၂ ခုကိုအာရုံစိုက်ရပါတော့မယ်။

အခုပွဲအရေးနိမ့်ခဲ့တာက လာမယ့်သောကြာနေ့ ပရီးမီးယားလိဂ်ပွဲကို ရိုက်ခတ်မယ်လို့ ကျွန်တော်မထင်ပါဘူး။ အဲ့နေ့ပွဲက လုံးဝခြားနားတဲ့ပွဲတစ်ပွဲဖြစ်လာမယ်ဆိုတာ သေချာပြောနိုင်ပါတယ်”လို့ မာရက်စ်ကာက ထပ်လောင်းပြောကြားခဲ့ပါတယ်။