The network connection is lost.

Banner Image

ချဲလ်ဆီးစတားက အာဆင်နယ်နဲ့ တော့တင်ဟမ်ပွဲတွေကို လွဲချော်နိုင်တယ်လို့ ဝန်ခံတဲ့ အန်ဇိုမာရက်စကာ

ချဲလ်ဆီးဟာ ကွန်းဖရင့်လိဂ် ၁၆ သင်းအဆင့် ပထမအကျော့မှာ ကိုပင်ဟေဂင်ကို အနိုင်ရပြီးနောက် တနင်္ဂနွေနေ့မှာတော့ ပရီးမီးယားလိဂ်မှာ ရုန်းကန်နေရတဲ့ လက်စတာကို အိမ်ကွင်းမှာ ဧည့်ခံကစားရမှာဖြစ်ပါတယ်။ ချဲလ်ဆီးဟာ အဆင့် ၅ နေရာမှာ ရှိနေပေမယ့် သူတို့ရဲ့ နောက်ဆုံး ၁၁ ပွဲမှာ ၃ ပွဲသာ အနိုင်ရထားပြီး ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ အကောင်းဆုံး ပုံစံကို ပြန်ရှာတွေ့ဖို့ လိုအပ်နေပါတယ်။

လက်စတာဟာ နစ္စတယ်ရွိုင်းလက်ထက်မှာ ဆိုးရွားတဲ့ ပုံစံဖြစ်နေပြီး ၁၆ ပွဲမှာ ၃ ပွဲသာ အနိုင်ရထားတာကြောင့် မာရက်စကာရဲ့ အသင်းက လွယ်လွယ်ကူကူ အနိုင်ရမယ်လို့ လူအများက မျှော်လင့်နေကြပါတယ်။ ကိုပင်ဟေဂင်နဲ့ ဒုတိယအကျော့ကို လာမယ့် ကြာသပတေးနေ့မှာ ကစားရမှာဖြစ်ပြီး ချဲလ်ဆီးဟာ မတ်လ နိုင်ငံတကာအားလပ်ရက် မတိုင်ခင်နဲ့ အပြီးချိန်မှာ အာဆင်နယ်နဲ့ တော့တင်ဟမ်တို့ကို ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

ဒါပေမယ့် လန်ဒန် ဒါဘီပွဲတွေမှာ မာရက်စကာရဲ့ အဓိက ကစားသမားတစ်ဦး မပါဝင်နိုင်ဖွယ်ရှိနေပြီး ကိုင်ဆီဒိုဟာ ဒီရာသီမှာ အဝါကတ် ၉ ကြိမ် ရထားပြီးပြီမို့ နောက်တစ်ကြိမ်သာပြသခဲ့ရရင် ၂ ပွဲ ပယ်ခံရမှာဖြစ်ပါတယ်။ ဒါကို စဉ်းစားရင် နည်းပြချုပ်အနေနဲ့ လွယ်တယ်လို့ ယူဆရတဲ့ လက်စတာပွဲမှာ ကွင်းလယ်ခံစစ်ကစားသမားကို အနားပေးချင်မှာကို နားလည်နိုင်ပေမယ့် မာရက်စကာက ဒါကို မလုပ်ဘူးလို့ အခိုင်အမာ ပြောပါတယ်။

"မဟုတ်ဘူး မဟုတ်ပါဘူး။ သူတို့က ကျွန်တော့်ကို ဒီလို ပြောခဲ့တာ သိပါတယ်။ ဒါပေမယ့် အခုချိန်မှာ ကျွန်တော်တို့အတွက် ပွဲတွေအနိုင်ရဖို့က အဓိကပါ"
"ကျွန်တော်တို့ ပွဲတွေ အနိုင်ရဖို့လိုတယ်။ ဒါကြောင့် ကိုင်ဆီဒိုကို အနားပေးပြီး အာဆင်နယ်ပွဲမှာက ကစားခိုင်းမယ်လို့ စီစဉ်လို့ မရဘူး။ ကျွန်တော်တို့ လက်စတာကို အနိုင်ရဖို့ လိုတယ် ပြီးမှ အာဆင်နယ်နှင့်ပွဲကို ဘယ်လို အနိုင်ရမလဲဆိုတာကို အာရုံစိုက်ရပါမယ်"

"တစ်ပွဲချင်းပဲ သွားရမှာဖြစ်ပြီး ကျွန်တော်တို့ရဲ့ အကောင်းဆုံး ကစားသမားတွေ ကွင်းထဲမှာ လိုပါတယ်" လို့ အီတလီသားက သူ့ရဲ့ အသင်းဟောင်း လက်စတာနဲ့ကစားမယ့် ပွဲကြိုသတင်းစာ ရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။ ဘရိုက်တန်ကနေ ၉၇ သန်းပေါင်နဲ့ ပြောင်းရွှေ့လာပြီး ပထမရာသီမှာ ရုန်းကန်ခဲ့ရပြီးနောက် ကိုင်ဆီဒိုဟာ စတန်းဖို့ဒ်ဘရစ်ချ်မှာ သူ့ခြေစွမ်းကို ရှာတွေ့ခဲ့ပေမယ့် သူက မကြာခဏဆိုသလို အဝါကတ် ပြသခြင်းခံနေရတာဖြစ်ပါတယ်။

အသက် ၂၃ နှစ်အရွယ် ကစားသမားဟာ ချဲလ်ဆီးအတွက် ၇၉ ပွဲ ကစားရာမှာ ၂၅ ကြိမ် အဝါကတ် ပြသခြင်းခံရထားပြီး ဒီရာသီ ပရီးမီးယားလိဂ်မှာ ခရစ္စတယ်ပဲလေ့စ်ရဲ့ ဝီလ်ဟျူးနဲ့ ဖူလ်ဟမ်ရဲ့ ဆာဆာ လူကစ်တို့ကပဲ သူ့ထက် အဝါကတ် ပိုများတာဖြစ်ပါတယ်။ ဒါပေမယ့် မာရက်စကာက ပွဲပယ်ခံရနိုင်တဲ့ အန္တရာယ်ကို စိတ်မပူဘဲ "ကိုင်ဆီဒိုရဲ့ နေရာက သူ့ရဲ့ နောက်ကြောင်းကို ကြည့်မယ်ရင်၊ ပြီးခဲ့တဲ့နှစ်က ၁၁ ကနေ ၁၂ ကြိမ် အဝါကတ် ရခဲ့ပါတယ်။ အရင်နှစ်ကလည်း အတူတူပဲ၊ ဘာလို့လဲဆိုတော့ သူက ကွင်းလယ်သမားမို့ပါ"

"သူက အရမ်းရှုပ်တဲ့ နေရာမှာ ရှိနေတာပါ။ တစ်ခါတလေ ပြစ်ဒဏ်ကျူးလွန်မှုတွေ လုပ်ရပါတယ်။ ဒါက ပုံမှန်ပါပဲ"
"ရာသီကုန်ထိ သူ ဒါကို ရှောင်နိုင်မယ်လို့ မျှော်လင့်ပါတယ်။ အဲ့ဒါ ခက်ခဲနိုင်မယ်ဆိုတာ သိထားပေမယ့် ကောင်းတာက အခု လာဗီယာလည်း ရှိလာပြီဖြစ်ကာ ကျွန်တော်တို့နဲ့ စတင်ပါဝင်နေပါပြီ"
"သူက ပြန်ကစားနိုင်ပါမယ်။ ကျွန်တော်တို့ အဆင်သင့် ဖြစ်နေဖို့လိုပါတယ်။ ရီစ်လည်း ဒီညလို ကွင်းလယ်သမား ဖြစ်နိုင်တယ်၊ ဒါကြောင့် စောင့်ကြည့်ရပါမယ်" လို့ ပြောပါတယ်။