
အက်စတွန်ဗီလာအတွက် ပစ်မှတ်အသစ်ကို သတ်မှတ်ပေးခဲ့တဲ့ အူနိုင်းအမ်မရီ
ပီအက်စ်ဂျီကိုအရေးနိမ့်ကာ ကွာတားဖိုင်နယ်မှထွက်ခွာလာရပြီးနောက် အူနိုင်းအမ်မရီက လာမယ့်ရာသီ၊ ချန်ပီယံလိဂ်ပြိုင်ပွဲမှာလည်း ပါဝင်သွားနိုင်ဖို့ ကြိုးစားအားထုတ်ကြရန် အက်စတွန်ဗီလာအသင်းဆီ တိုက်တွန်းခဲ့ပါတယ်။ဝေးလ်မင်းသားပါရှိနေတဲ့ ဗီလာပတ်ခ်ကွင်းကြီးထဲမှာ ဗီလာက ပြိုင်ဘက်ကို နှစ်ဂိုးပြတ်အရေးနိမ့်နေရာမှ ၃-၂ ဂိုးဖြင့် အနိုင်ပြန်ယူခဲ့ပေမယ့် ပထမအကျော့ ၃-၁ ဂိုးဆိုတဲ့ ပီအက်စ်ဂျီရဲ့အနိုင်ရလဒ်ကြောင့် နှစ်ကျော့ပေါင်းရလဒ် ၅-၄ ဂိုးဖြင့် ချန်ပီယံလိဂ်ကွာတားဖိုင်နယ်အဆင့်မှ ထွက်ခွာခဲ့ရပါတယ်။
ပရီးမီးယားလိဂ်မှာလည်း ဗီလာက လာမယ့်ရာသီ၊ ချန်ပီယံလိဂ်ပြိုင်ပွဲဝင်ခွင့်ရရှိနိုင်တဲ့ အမှတ်ပေးဇယားပဉ္စမနေရာနဲ့ တစ်မှတ်အကွာမှာ ရှိနေပြီး လာမယ့်ရက်ပိုင်းအတွင်းမှာပဲ နယူးကာဆယ်၊ မန်စီးတီးတို့လို ပြိုင်ဘက်ကောင်းတွေနဲ့ ရင်ဆိုင်သွားရပါလိမ့်မယ်။ အမ်မရီက “ အခုတော့ ဥရောပပြိုင်ပွဲဝင်ခွင့်ပြန်လည်ရရှိဖို့က အရေးအကြီးဆုံးဖြစ်လာပါပြီ။ အရေးအကြီးဆုံးပြိုင်ပွဲကတော့ ချန်ပီယံလိဂ်ပေါ့။ လက်ကျန်ခြောက်ပွဲမှာ ကျွန်တော်တို့အတွက် စိန်ခေါ်မှုက ဥရောပပြိုင်ပွဲနဲ့ ချန်ပီယံလိဂ်ဝင်ခွင့်ရရှိအောင် ကြိုးစားသွားဖို့ပဲ ဖြစ်ပါတယ်။
ဒီအဆင့်ဆီရောက်ရှိခြင်းဆိုတာ နောက်ထပ်ခြေလှမ်းသစ်တစ်ရပ် ထပ်လှမ်းနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း အက်စတွန်ဗီလာနဲ့အတူ ထပ်ပြီးကြိုးစားသွားချင်ပါတယ်။ နှစ်ကျော့လုံးကို ကျွန်တော်တို့တွေ အကောင်းဆုံးယှဉ်ပြိုင်ကစားနိုင်ခဲ့ပါတယ်။ ဒီကလပ်အသင်းမှာ လုပ်ဆောင်နေတဲ့ လုပ်ငန်းစဉ်အရ ဒီညကတော့ ကျွန်တော်တို့ရရှိနိုင်တဲ့ အမြင့်ဆုံးအောင်မြင်မှုဖြစ်ပါတယ်။ ပီအက်စ်ဂျီလိုပြိုင်ဘက်မျိုးနဲ့ရင်ဆိုင်ရတဲ့ချန်ပီယံလိဂ်ပြိုင်ပွဲက ကျွန်တော်တို့အတွက် ဘယ်လိုတုံ့ပြန်နိုင်မလဲဆိုတာကို အကောင်းဆုံးစမ်းသပ်တဲ့ကာလ ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့စံနှုန်းတွေ တိုးမြှင့်လာပုံနဲ့ပတ်သက်လို့ ကျွန်တော် ကျေနပ်ပျော်ရွှင်မိသလို ယုံကြည်မှုလည်း ရှိလာပါတယ်။
ကစားသမားတွေက အခုလိုအဆင့်အတန်းမျိုးမှာ ဘိုင်ယန်မြူးနစ်၊ ပီအက်စ်ဂျီတို့ကို အနိုင်ယူပြီး သူတို့ရဲ့ယှဉ်ပြိုင်နိုင်စွမ်းကို ပြသခဲ့ပါတယ်။ ကျွန်တော်တို့ရဲ့ရည်မှန်းချက်က လိုအပ်ချက်အရခေါ်ယူမယ့် ကစားသမားသစ်တွေနဲ့အတူ (သို့မဟုတ်) ရှိရင်းစွဲကစားသမားတွေနဲ့အတူ ပြိုင်ပွဲတိုင်းမှာ တည်တည်ငြိမ်ငြိမ်ဖြတ်ကျော်သွားနိုင်ဖို့ပဲ ဖြစ်ပါတယ်။ အခုဘောလုံးရာသီအတွက် ရည်မှန်းချက်တွေပြည့်မြောက်စေဖို့ အသင်းရဲ့အရည်အသွေးအပေါ် ကျွန်တော် အရမ်းယုံကြည်မိပါတယ်”လို့ ပြောပါတယ်။
ပီအက်စ်ဂျီကိုဧည့်ခံကစားရတဲ့ပွဲစဉ်အတွင်း ဂိုးဖန်တီးမှုတစ်ကြိမ်စွမ်းဆောင်ခဲ့တဲ့ ယူနိုက်တက်အငှားကစားသမားရက်ရှ်ဖို့ဒ်နဲ့ပတ်သက်လို့ အမ်မရီက “ ရက်ရှ်ဖို့ဒ်က သက်သောင့်သက်သာနဲ့ ပိုကောင်းလာပါတယ်။ ဒီနေ့မှာဆိုရင်လည်း သူက ပွဲကောင်းတစ်ခုကို ကစားခဲ့ပါတယ်။ သူပျော်နေတယ်ဆိုရင် ကျွန်တော်တို့လည်း ပျော်ပါတယ်။ လာမယ့်နွေရာသီမှာ သူ့ကို အပြီးသတ်ခေါ်ယူဖို့အတွက် အခုအချိန်မှာ အစီအစဉ်ချမှတ်ဖို့ ခက်ခဲနေပါသေးတယ်။အမှန်ပါပဲ၊ ဒီကိစ္စက လာမယ့်သီတင်းပတ်အတွင်း ဖြစ်ပေါ်လာမယ့် အခြေအနေတွေ၊ လာမယ့်နှစ်အတွင်း ဖြစ်ပေါ်လာမယ့် အခြေအနေတွေအပေါ် အများကြီးမူတည်ပါတယ်”လို့ ပြောပါတယ်။