တိုက်စစ်မှူး ဒူရန်ကို ချီးကျူးလိုက်တဲ့ အက်စ်တွန်ဗီလာနည်းပြ အမ်မရီ
အင်္ဂါနေ့က ချန်ပီယံလိဂ်တွင် အာရ်ဘီလိုက်ပ်ဇစ်အား ၃-၂ ဂိုးဖြင့် အနိုင်ရရှိခဲ့တဲ့ပွဲတွင် အက်စ်တွန်ဗီလာတိုက်စစ်မှူး ဒူရန်ဟာ အရန်ခုံမှဝင်ရောက်လာပြီးနောက် ခြေစွမ်းပြသခဲ့ပြီး ပုံမှန်ပွဲထွက်ခွင့်နေရာအတွက် နောက်ထပ်တောင်းဆိုမှုတစ်ခု ထပ်မံရရှိခဲ့ပါတယ်။ ဒူရန်ဟာ ပြိုင်ဘက်ဂိုးသမားထံ အဝေးကန်ချက်ဖြင့် ကန်သွင်းယူခဲ့တာဖြစ်ပြီး စုစုပေါင်း သွင်းဂိုး ၁၀ ဂိုးနှင့် ပြိုင်ပွဲစုံမှာ ၆ ဂိုးအထိ သွင်းယူထားနိုင်တာလည်းဖြစ်ပါတယ်။
ကိုလံဘီယာကစားသမားဟာ ယခုရာသီတွင် ဥရောပထိပ်တန်းလိဂ် ၅ ခုရှိ အခြားကစားသမားများထက် ဂိုးများပိုမိုသွင်းယူနိုင်ခဲ့ပြီး နည်းပြ အူနိုင်းအမ်မရီက ပွဲထွက် ၁၁ ဦးစာရင်းတွင် မပါဝင်ပါက သူ့အား ပျော်ရွှင်စေရန် ခက်ခဲနိုင်ကြောင်း ဝန်ခံခဲ့ပါတယ်။
"ဟုတ်ပါတယ် တစ်ခါတလေမှာ သူက အရမ်းကို ကောင်းနေပြီး ကျွန်တော်တို့က သူနဲ့ ဟန်ချက်ညီအောင် ကြိုးစားရမှာပါ"
"ဒါပေမယ့် ဒီနေ့ သူ ကောင်းကောင်း ကစားနိုင်ခဲ့ပါတယ်။ တစ်ဂိုးသွင်းယူနိုင်ခဲ့ပြီး လူကျွံဘောဖြစ်ခဲ့တဲ့ ဒုတိယဂိုးကိုပါ သွင်းယူနိုင်ခဲ့ပါတယ်။ သူက အကောင်းဆုံးလုပ်နေပြီး နည်းဗျူဟာအရ အသင်းအတွက် အားကောင်းလာအောင် ကြိုးစား နေပါတယ်"
"သူ့ရဲ့ အလားအလာက ကြီးမားပါတယ်။ နည်းဗျူဟာအရ သူက တိုးတက်နေပြီး ဒီနေ့ ၄၅ မိနစ်မှာ အံ့အားသင့်ဖွယ် ကစားခဲ့ပါတယ်" လို့ အမ်မရီက ပြောပါတယ်။
အင်္ဂလန်လက်ရွေးစင် ဝက်စ်ကင်နှင့် ဒူရန်တို့က အသင်းတွင် ပွဲထွက်ခွင့်နေရာအတွက် တိုက်ရိုက်ယှဉ်ပြိုင်မှုနှင့်အတူ ပြိုင်ဆိုင်မှုပြင်းထန်နေပါတယ်။ ဒူရမ်က ဒါကိုတကယ်နှစ်သက်တယ်လို့ ပြောကြားခဲ့ပါတယ်။
"ဝက်စ်ကင်နဲ့ ယှဉ်ပြိုင်ရတာကို ကျေနပ်ပါတယ်။ ကျွန်တော့်အလှည့်ရောက်ရင် အသင်းကိုတိုးတက်လာအောင် ကူညီပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်" လို့ ပြောပါတယ်။ ကိုလံဘီယာသားဟာ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် နော်တင်ဟမ်ဖောရက်စ်နှင့်မကစားမီ တစ်ရက်အလို သောကြာနေ့တွင် အသက် ၂၁ နှစ် ပြည့်မှာဖြစ်ပါတယ်။
"ကျွန်တော့်ရဲ့ ရည်ရွယ်ချက်က စနေနေ့မှာ အောင်ပွဲခံဖို့ ရည်မှန်းထားတာကြောင့် မွေးနေ့ပွဲကို မသွားဖြစ်တာတော့ သေချာပါတယ်" လို့ ရယ်မောပြီး ပြောခဲ့ပါတယ်။ လိုက်ပ်ဇစ်နှင့်ပွဲမှာ အက်စတွန်ဗီလာက အနိုင်ရရှိခဲ့သောကြောင့် ဗုဒ္ဓဟူးနေ့ပွဲစဉ်များမတိုင်မီ ချန်ပီယံလိဂ်ဇယားရဲ့ တတိယနေရာမှာ ရပ်တည်နေပြီး နှစ်ပွဲ ကစားရန် ကျန်ရှိနေပါတယ်။
ထိပ်ဆုံး ၈ နေရာကို ရယူပြီး ၁၆ သင်းအဆင့်ကို တိုက်ရိုက်တက်လှမ်းနိုင်ဖို့ အက်စ်တွန်ဗီလာက မိုနာကို ဒါမှမဟုတ် ဆဲလ်တစ်တို့နှင့် ကစားမယ့်ပွဲမှာ နိုင်ပွဲတစ်ပွဲသာ ရရှိဖို့လိုအပ်နေတာဖြစ်ပါတယ်။