အဲရစ်ဆင်နည်းတူ လုပ်ဆောင်ရတော့မယ့် ဖီအိုရင်တီးနားစတား ဘိုဗီ
ဖီအိုရင်တီးနားကွင်းလယ်လူ ဘိုဗီတစ်ယောက် အခုအပတ်အင်တာမီလန်နဲ့ပွဲမှာ ကွင်းထဲ ရုတ်တရက်လဲကျခဲ့တယ်လို့ သိရပြီး ဆေးကုသမှုခံယူခဲ့ရတာဖြစ်ပါတယ်။ မာကာတိုသတင်းဌာနရဲ့အဆိုအရ ဘိုဗီဟာ ခွဲစိတ်မှုခံယူဖို့ စီစဉ်ထားပြီးဖြစ်ကာ နှလုံးထဲကို နှလုံးစက်ထည့်သွင်းရမယ်လို့ ဆိုပါတယ်။အဆိုပါဖြစ်ရပ်မျိုး ဒိန်းမတ်အသင်းကွင်း လယ်လူ အဲရစ်ဆင်လည်း ၂၀၂၀ တုန်းကဖြစ်ပွားခဲ့တာဖြစ်ပြီး ခွဲစိတ်မှုခံယူခဲ့ရကာ နှလုံးစက်တပ်ခဲ့ရပါတယ်။
ဘိုဗီအနေနဲ့ နှလုံးစက်ထည့်သွင်းခဲ့မယ်ဆိုရင် နိုင်ငံအတွင်းချမှတ်ထားတဲ့စည်းမျည်းကြောင့် အီတလီမြေမှာ ကစားခွင့်ရတော့မှာမဟုတ်တာဖြစ်ပါတယ်။ အင်တာမီလန်မှာ ကစားနေတဲ့ အဲရစ်ဆင်လည်း အဆိုပါဖြစ်ရပ်ကြောင့် ၂၀၂၁ တုန်းက စာချုပ်ဖျက်သိမ်းခဲ့ရကာ အင်္ဂလန်မြေကိုပြန်လာခဲ့ရပြီး ဘရန့်ဖို့ဒ် ၊ ယူနိုက်တက်တွေမှာ ကစားခဲ့ရပါတယ်။
အသက် ၂၂ နှစ်သားအတွက် အီတလီမြေမှာမကန်ရတာက ဝမ်းနည်းစရာဖြစ်ပေမယ့် ကျန်းမာရေးအခြေအနေက ပိုအရေးကြီးတာဖြစ်ပါတယ်။ ဘိုဗီဟာ ရိုးမားအသင်းထံကနေ ဖီအိုအသင်းထံ အငှားလာကစားနေတာဖြစ်ပြီး ဒီရာသီအသင်းအတွက် ၁၄ ပွဲအထိ ပါဝင်ကစားပေးခဲ့ကာ ၁ ဂိုးသွင်းယူထားနိုင်ခဲ့ပါတယ်။ သတင်းတွေအရ ဘိုဗီဟာ လာမယ့်တနင်္လာနေ့မှာ ခွဲစိတ်မှုခံယူရမှာဖြစ်ပြီး အသင်းဖော်တွေကိုနှုတ်ဆက်ဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ ဒါ့အပြင် မိခင်ကလပ်ဖြစ်တဲ့ ရိုးမားအသင်းနဲ့စာချုပ်ဖျက်သိမ်းဖို့ ညှိနှိုင်းရဖွယ်ရှိနေပါတယ်။