
မင်္ဂလာဆောင်တာ ၁ လပြည့်ခဲ့ချိန် ဝမ်းနည်းဖွယ်မက်ဆေ့ချ်ကို မျှဝေခဲ့တဲ့ လီဗာပူးစတားရဲ့ဇနီးသည်
ကွယ်လွန်သွားခဲ့ပြီဖြစ်တဲ့ လီဗာပူးစတား ဂျိုတာရဲ့ဇနီးသည် ကာဒိုဆိုက မင်္ဂလာဆောင်တာ ၁ လပြည့်ခဲ့ချိန် ဝမ်းနည်းဖွယ်မက်ဆေ့ချ်ကို မျှဝေလိုက်ပါတယ်။ အသက် ၂၈ နှစ်သား ဂျိုတာ နဲ့ သူ့ညီဖြစ်သူ အန်ဒရီဆေးလ်ဗားတို့ဟာ ဇူလိုင်လ ၃ ရက်နေ့တုန်းက စပိန်မြေမှာ ကားအက်ဆီးဒင့်ကြောင့် ကွယ်လွန်ခဲ့ကြတာဖြစ်ပါတယ်။ ရဲတွေကတော့ သူတို့ ၂ ဦးစီးနင်းလာတဲ့ လန်ဘော်ဂီနီကားဟာ တာယာကြောင့် တိမ်းမှောက်ခဲ့တာဖြစ်တယ်လို့ အတည်ပြုခဲ့ပါတယ်။
လွန်ခဲ့တဲ့ ၁၁ ရက်တုန်းက ဂျိုတာဟာ သူ့ရဲ့ငယ်ချစ်ဦး ရုဒ်ကာဒိုဆိုနဲ့ လက်ထပ်ခဲ့တာဖြစ်ပြီး သူတို့မင်္ဂလာပွဲကို နီးစပ်တဲ့သူငယ်ချင်းတွေ ၊ မိသားစုဝင်တွေအပြင် လီဗာပူးအသင်းဖော် ရော်ဘတ်ဆန် ၊ ကယ်လာဟာတို့တက်ရောက်ခဲ့ပါတယ်။ဝမ်းနည်းဖွယ်ရာ ပေါ်တူဂီသား နဲ့ သူ့ညီဖြစ်သူတို့ဟာ တစ်နေရာတည်းမှာတင် မြုပ်နှံခဲ့ကြပါတယ်။ သူတို့ ၂ ဦးကွယ်လွန်မှုကို တစ်ကမ္ဘာလုံးက ဘောလုံးပရိသတ်တွေက ဝမ်းနည်းပူဆွေးခဲ့ကြသလို လူမှုမီဒီယာတွေကနေလည်း အားပေးခဲ့ကြပါတယ်။
အခုညနေခင်းမှာ ဂျိုတာရဲ့ဇနီးသည် ကာဒိုဆိုက အင်စတာဂရမ်ကနေ သူတို့ ၂ ယောက်ရဲ့ ၁ လပြည့်မင်္ဂလာဆောင်တာကို စကားလုံး ၁၄ လုံးနဲ့ မျှဝေခဲ့ပါတယ်။ “ငါတို့ ၂ ယောက်ရဲ့မင်္ဂလာဆောင်တာ ၁ လပြည့်ခဲ့ပြီအချစ်ရေ။ မသေဆုံးခင်အထိအတူတူပါပဲလို့ အဖြူရောင်အသည်းအီမိုဂျေနဲ့အတူ မင်းနဲ့အတူ အမြဲတမ်းရှိနေမယ့်အဖြူရောင်မိန်းကလေးပါ”လို့ သူမက တင်ခဲ့ပါတယ်။
အခုလအစောပိုင်းတုန်းက လီဗာပူးအသင်းဟာ ဂျိုတာဝတ်ဆင်ခဲ့တဲ့ကျောနံပတ် ၂၀ ကို အမှတ်တရအဖြစ် သိမ်းဆည်းခဲ့ပြီလို့ အတည်ပြုခဲ့ပါတယ်။ အဆိုပါကျောနံပတ်ကို လီဗာပူးအသင်းက အသင်းကြီးအပြင် အကယ်ဒမီ ၊ အမျိုးသမီးအသင်းမှာပါ အနားပေးခဲ့တာဖြစ်ပါတယ်။ “ဇနီးသည် ကာဒိုဆိုနဲ့ ဆွေးနွေးခဲ့ပြီးနောက် အသင်းဘက်က သူ့ကျောနံပတ်ကို ဂုဏ်ပြုတဲ့အနေနဲ့ အနားပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ အခုလိုလုပ်ဆောင်ခဲ့တာက သူ့ရဲ့အသင်းအတွက် လွန်ခဲ့တဲ့ ၅ နှစ်တာကာလအတွင်းမှာ အများကြီးအကျိုးပြုခဲ့တာကြောင့်ပါ”လို့ လီဗာပူးအသင်းဘက်က ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။
လီဗာပူးစီအီးအို မိုက်ကယ်အက်ဒ်ဝါ့တ်ကလည်း “အသင်းတစ်သင်းအနေနဲ့ ကျွန်တော်တို့အားလုံးအတူတူခံစားရမယ်လို့ ထင်ပါတယ်။ အခုကိစ္စမှာလည်း ဒီယေဂိုရဲ့ဇနီးသည် ရုဒ် နဲ့ သူ့မိသားစုလည်း အဓိကနေရာက ပါဝင်ခဲ့ပါတယ်။ လီဗာပူးအသင်းသမိုင်းတစ်လျှောက် အခုလိုမျိုးဂုဏ်ပြုတာက ပထမဆုံးအကြိမ်လို့ ကျွန်တော်ယုံကြည်ပါတယ်။ ဒါကြောင့် အခုလိုအံ့ဖွယ်ကစားသမားတစ်ဦးကို အဆင့်မြင့်ဆုံးဂုဏ်ပြုတာလို့ ကျွန်တော်တို့ ပြောနိုင်ပါတယ်။ ဒီကျောနံပတ်ကို ကျွန်တော်တို့ ဘယ်တော့မှမေ့မှာမဟုတ်သလို ဒီယေဂိုဟာ ၂၀၂၀ မှာအသင်းထံရောက်လာပြီး ကျောနံပတ် ၂၀ ကိုဝတ်ဆင်ပြီး အောင်မြင်မှုတွေရယူပေးနိုင်ခဲ့ပါတယ်”လို့ ဖြေကြားခဲ့ပါတယ်။ လီဗာပူးအသင်းသားတွေဟာ ပရက်စ်တန်နဲ့ပွဲမှာ ဒီယေဂိုကွယ်လွန်မှုကို ကွင်းထဲမှာ ငြိမ်သက်ပြီး ဝမ်းနည်းကြောင်းပြသခဲ့ကြပါတယ်။