
ဒမ်ဘီလီနဲ့ ဒူအီတို့ ဒဏ်ရာရရှိမှုအတွက် အတော်လေးစိတ်ပျက်နေတဲ့ ဒက်စ်ချမ့်စ်
ဒမ်ဘီလီနဲ့ ဒူအီတို့ ဒဏ်ရာရရှိမှုအတွက် ပီအက်စ်ဂျီနဲ့ ဘောလုံးအဖွဲ့ချုပ်တို့ အချင်းများခဲ့ပြီးနောက် ပြင်သစ်အသင်းနည်းပြဒက်စ်ချမ့်စ်က ကစားသမားတွေအတွက် ဖြစ်လာနိုင်မယ့်အန္တရာယ်အပေါ် သတိပြုကိုင်တွယ်သွားပါမယ်လို့ ကတိကဝတ်ပြုခဲ့ပါတယ်။
ပြင်သစ်အသင်းရဲ့ကမ္ဘာ့ဖလားခြေစစ်ပွဲအဆင့်ယူကရိန်းအပေါ်အနိုင်ရရှိမှုက အဓိကကစားသမားဖြစ်တဲ့ ဒမ်ဘီလီ၊ ဒူအီတို့ ကြွက်သားဒဏ်ရာရရှိမှုနဲ့အတူ ပေးဆပ်မှုကြီးမားသွားခဲ့ပါတယ်။ ဒီကစားသမားနှစ်ဦးလုံးက အခုပွဲစဉ်မှာပါဝင်ကစားခဲ့ပြီး ဒဏ်ရာပြဿနာကြုံတွေ့ခဲ့တာပါ။ အခုပွဲစဉ်ကို ပွဲထွက်ပါဝင်ကစားတဲ့ ဒူအီက ပထမပိုင်းပွဲချိန်အပြီး ခြေသလုံးကြွက်သားဒဏ်ရာကြောင့် အနားယူခဲ့ရကာ ဒုတိယပိုင်းမှာ လူစားဝင်လာတဲ့ ဒမ်ဘီလီကလည်း တံကောက်ကြောဒဏ်ရာမကြုံတွေ့ခင် မိနစ် ၃၀ မျှသာ ကစားနိုင်ခဲ့ပါတယ်။ ဒီလိုဒဏ်ရာပြဿနာတွေက ပြင်သစ်လက်ရွေးစင်အသင်းကိုသာ ထိခိုက်ခဲ့တာမျိုးမဟုတ်ဘဲ ကစားသမားတွေရဲ့ကလပ်အသင်းဖြစ်တဲ့ ပီအက်စ်ဂျီနဲ့ ပြင်သစ်ဘောလုံးအဖွဲ့ချုပ်တို့အကြား ပြင်းထန်တဲ့ပဋိပက္ခဆီ ဦးတည်စေခဲ့ပါတယ်။
ပွဲကြိုသတင်းစာရှင်းလင်းပွဲတစ်ခုမှာတော့ ဒက်စ်ချမ့်စ်က ကစားသမားတွေရဲ့အခက်အခဲတွေအပေါ် ကိုယ်ချင်းစာမှုနဲ့ ဒီလိုရလဒ်တွေအတွက် သူ့ရဲ့စိတ်ပျက်ရမှုကို ဖော်ပြကာ လတ်တလောအခြေအနေကို လူသိရှင်ကြားရှင်းပြသွားခဲ့ပါတယ်။
ဒက်စ်ချမ့်စ်က “ ဖြစ်ခဲ့တဲ့အရာတွေလည်း ပြီးသွားပါပြီ။ မနက်ဖြန်ပွဲစဉ်အတွက် ကစားသမားနှစ်ဦးဆုံးရှုံးထားလို့ ဒမ်ဘီလီနဲ့ ဒူအီအတွက် ကျွန်တော် အတော်လေးစိတ်ပျက်မိပါတယ်။ ကစားသမားတွေရဲ့ခံစားချက်ကို ထည့်သွင်းစဉ်းစားပြီး ကစားသမားအားလုံးအတွက် ကျွန်တော်တို့လုပ်ပေးခဲ့သလိုပဲ ပရော်ဖက်ရှင်နယ်ဆန်စွာ တိုးတက်နိုင်မယ့်နည်းလမ်းအကုန်လုံးကို လုပ်ဆောင်ပေးခဲ့ပါတယ်။ ကျွန်တော်တို့အချင်းချင်းကြားမှာ မတူကွဲပြားတဲ့အကျိုးစီးပွားတွေ ရှိနေတယ်ဆိုရင်တောင် ပီအက်စ်ဂျီဆိုတာ ကျွန်တော်တို့ရဲ့ပြိုင်ဘက် မဟုတ်ပါဘူး။ စည်းမျဉ်းတွေအရ ကစားသမားအားလုံး လေ့ကျင့်ရေးကွင်းမှာ သူတို့ရဲ့ဒဏ်ရာအကြောင်း မှတ်တမ်းရေးသွင်းရမယ်လို့ ဆိုထားပါတယ်။ ဒီလိုမျိုးတွေ မဖြစ်သေးခင်အချိန်မှာ ဒီလိုအဖြစ်အပျက်မျိုး မရှိလာနိုင်ပါဘူး”လို့ ပြောပါတယ်။
ပီအက်စ်ဂျီအသင်းဘက်ကလည်း ကလပ်အသင်းမှပေးပို့ခဲ့တဲ့ ဆေးဘက်ဆိုင်ရာအသေးစိတ်အကဲဖြတ်ချက်နဲ့ အကြုံပြုချက်တွေကို လက်ရွေးစင်အသင်းတာဝန်ရှိသူတွေ လျစ်လျူရှုထားခဲ့တယ်လို့ ပြင်းပြင်းထန်ထန် စွပ်စွဲခဲ့ပါတယ်။ ဒါ့အပြင် ကလပ်အသင်းဆေးဘက်ဆိုင်ရာတာဝန်ရှိသူတွေနဲ့ တိုင်ပင်ဆွေးနွေးမှုမရှိခြင်းအပေါ် အလွန်အမင်းဒေါသထွက်ရတယ်လို့ ဖော်ပြခဲ့ပါတယ်။
လတ်တလောမှာ ဒမ်ဘီလီက ရက်သတ္တပတ်ခြောက်ပတ်ထက်မနည်း၊ ဒူအီက ရက်သတ္တပတ်လေးပတ်ထက်မနည်း အနားယူရဖွယ်ရှိလို့ ပီအက်စ်ဂျီအတွက် ပေးဆပ်မှုလည်း ကြီးမားသွားခဲ့ပါတယ်။ ဒါကြောင့် ဒီကစားသမားနှစ်ဦးလုံးက လာမယ့်အောက်တိုဘာ ၁ ရက်၊ ဘာစီလိုနာနဲ့ရင်ဆိုင်ရမယ့် ချန်ပီယံလိဂ်ပွဲစဉ်အပါအဝင် ပီအက်စ်ဂျီရဲ့အရေးကြီးပွဲစဉ်တွေကို လွဲချော်သွားပါလိမ့်မယ်။
ဒက်စ်ချမ့်စ်ကတော့ ဒမ်ဘီလီနေရာမှာအစားထိုးနိုင်ရန် ကင်စလေကိုးမန်းကိုခေါ်ယူဖို့ ဆုံးဖြတ်ခဲ့ပြီး စက်တင်ဘာ ၁၀ ရက်၊ အိုက်စလန်နဲ့ရင်ဆိုင်ရမယ့်ပွဲစဉ်အတွက် ပြင်ဆင်သွားပါလိမ့်မယ်။