ပြင်သစ်အနေနဲ့ ယူရိုပွဲစဉ်တွေမှာ ဒီထက်ပိုပြီး ဂိုးတွေ သွင်းယူဖို့လိုတယ်လို့ ပြောကြားလာတဲ့ ဒက်စ်ချမ့်
ပြင်သစ်လက်ရွေးစင်နည်းပြ ဒီဒီယာဒက်စ်ချမ့်စ်က သူ့ရဲ့အသင်းအနေနဲ့ လက်ရှိယှဉ်ပြိုင်နေတဲ့ ယူရို ၂၀၂၄ ပြိုင်ပွဲမှာ အခုထက်ပိုပြီး သွင်းဂိုးတွေ ပိုမိုရရှိဖို့ ကြိုးစားရမှာဖြစ်တာကြောင့် ပိုလန်ကို ၁-၁ နဲ့သရေကျခဲ့တဲ့ အုပ်စုနောက်ဆုံး ပွဲစဉ်အပြီးမှာတော့ ဂိုးရှေ့မှာ အဆုံးသတ်သေချာဖို့ ပိုမိုအာရုံစိုက်သွားမယ်လို့ ပြောကြားလာခဲ့ပါတယ်။ ပြင်သစ်ဟာ အုပ်စုအတွင်း ဩစတြီးယားအောက် ဒုတိယနေရာမှာသာ ရပ်တည်ခဲ့တာကြောင့် အုပ်စု E က ၃ မှတ်စီရထားတဲ့ ဘယ်လ်ဂျီယံ၊ ရိုမေးနီးယား၊ ယူကရိန်း၊ ဆလိုဗက်ကီးယား တို့ထဲမှ တစ်သင်းသင်းနဲ့ရင်ဆိုင်သွားရမှာဖြစ်ပါတယ်။
ဒက်စ်ချမ့်ရဲ့အသင်းဟာ လက်ရှိယူရိုပြိုင်ပွဲရဲ့ အဖွင့်ပွဲစဉ်မှာ ဩစတြီးယားကို ၁-၀ နဲ့ အနိုင်ရရှိခဲ့ပြီး ဒုတိယပွဲစဉ်မှာ နယ်သာလန်ကို ၀-၀ နဲ့သရေကျခဲ့တာကြောင့် ဂိုးသွင်းဖို့ ရုန်းကန်နေရပုံပေါ်ပါတယ်။ ဒါ့အပြင် နောက်ဆုံးပွဲစဉ်မှာတော့ ပြင်သစ်ဟာ ပိုလန်ကို ၁ ဂိုးသာသွင်းယူနိုင်ခဲ့တာကြောင့် အုပ်စု ဒုတိယနဲ့ အဆုံးသတ်ခဲ့တာဖြစ်ပါတယ်။ အခုလို သွင်းဂိုးတွေရရှိဖို့ ရုန်းကန်နေရတာက ပြင်သစ်အတွက် အန္တရာယ်ရှိတာကြောင့် လာမယ့်ရှုံးထွက်အဆင့်ပွဲစဉ်တွေမှာတော့ ခြေစစ်ပွဲတုန်းကလို ဂိုးသွင်းနှုန်းမျိုး ပြန်လည်ရှာဖွေသွားနိုင်ဖို့လိုတယ်လို့ ဒက်စ်ချမ့်စ်က သတိပေးလာခဲ့ပါတယ်။
ပိုလန်နဲ့သရေကျပြီးနောက် ဒက်စ်ချမ့်စ်က “ကျွန်တော်တို့ ဂိုးတွေများများသွင်းဖို့လိုအပ်သလို ဒီထက်ပိုပြီး လက်တွေ့ကျဖို့လည်းလိုနေပါတယ်။ ခြေစစ်ပွဲအဆင့်မှာ အထင်ကြီးလောက်စရာ ပျမ်းမျှဂိုးသွင်းနှုန်းရှိခဲ့တာကြောင့် ဒီအချိန်မှာတော့ အဲဒီတုန်းက ဂိုးသွင်းနှုန်းကို ပြန်လည်ရှာဖွေသွားရပါမယ်။ ဒါပေမယ့် ကျွန်တော့်ရဲ့လက်ရှိအခြေအနေကို စိတ်မပျက်ပါဘူး။ ပြိုင်ပွဲကအခုမှ အစပဲရှိပါသေးတယ်”လို့ ပြောကြားခဲ့ပါတယ်။
ယခုပိုလန်နဲ့ပွဲစဉ်မှာ အသင်းခေါင်းဆောင် ကီလီယန်အမ်ဘာပေက ပါဝင်ကစားနိုင်ခဲ့ပြီး အသင်းအတွက် ပင်နယ်တီမှတစ်ဆင့် ဂိုးသွင်းယူပေးနိုင်ခဲ့ပါတယ်။ တိုက်စစ်မှူးဟာ ဩစတြီးယားနဲ့ပွဲမှာ ရရှိခဲ့တဲ့ နှာခေါင်းဒဏ်ရာကြောင့် နယ်သာလန်နဲ့ပွဲကို လွဲချော်ခဲ့ပေမယ့် ယခုအခါမှာတော့ သူ့ရဲ့ကစားသမားဘဝတစ်လျှောက် ပထမဆုံးသော ယူရိုသွင်းဂိုးကို ရယူနိုင်ခဲ့ပြီဖြစ်ပါတယ်။
အမ်ဘာပေနဲ့ပတ်သက်ပြီးတော့ ဒက်စ်ချမ့်စ်က “ဒီနေ့မှာ သူ့ရဲ့ခြေစွမ်းက ပုံမှန်အတိုင်းရှိခဲ့တယ်လို့ထင်ပါတယ်။ မျက်နှာဖုံးကိုတော့ အသားကျအောင်လုပ်သွားရဦးမှာပါ။ ဒါပေမယ့် သူက ကစားရဖို့ ဆာလောင်နေတာကြောင့် ဒါကို ကောင်းကောင်း ကိုင်တွယ်နိုင်မယ်လို့ထင်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။