The network connection is lost.

Banner Image

မရေမရာဖြစ်နေတဲ့ လီဗာပူးကစားသမားဘဝအနာဂတ်အကြောင်း ထုတ်ဖော်ပြောဆိုလိုက်တဲ့ ဗန်ဒိုက်

လီဗာပူးနောက်ခံလူဗန်ဒိုက်က အသင်းနဲ့စာချုပ်သက်တမ်းကုန်ဆုံးဖို့ နီးကပ်လာချိန်မှာပဲ အန်ဖီးလ်မှာရှိနေတဲ့ သူ့ရဲ့အနာဂတ်အကြောင်းကို ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ လီဗာပူးအသင်းနဲ့စာချုပ်သက်တမ်းကုန်ဆုံးဖို့ လပိုင်းမျှသာလိုအပ်တော့တဲ့ ဗန်ဒိုက်အတွက် စာချုပ်သစ်သဘောတူညီမှုတစုံတရာ မရရှိသေးလို့ အန်ဖီးလ်မှာဆက်ရှိနေရေး မရေမရာဖြစ်နေပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ အခုလအစောပိုင်း၊ Sport သတင်းဌာနရဲ့ဖော်ပြမှုအရ  ဒတ်ချ်ကစားသမားက ၂၀၂၄-၂၀၂၅ ဘောလုံးရာသီအလွန် ကလပ်အသင်းမဲ့ကစားသမားဖြစ်လာချိန် ခံစစ်ပိုင်းအင်အားတိုးမြှင့်ဖို့လိုလားနေတဲ့ ဘာစီလိုနာဆီ ပြောင်းရွှေ့မယ်လို့ သိရပါတယ်။ အခုလိုကောလာဟလတွေ တိုးမြှင့်ထွက်ပေါ်လာနေချိန်မှာပဲ နယ်သာလန်ကြယ်ပွင့်က သူ့ရဲ့အနာဂတ်နဲ့ပတ်သက်လို့ နောက်ဆုံးအခြေအနေကို ထုတ်ဖော်ပြောပြခဲ့ပါတယ်။

အသက်-၃၃ နှစ်အရွယ်ကစားသမားက “လာမယ့်လအနည်းငယ်အတွင်းမှာတော့ ကျွန်တော်တို့က ခင်ဗျားတို့ဆီ အခြေအနေအားလုံးကို အသိပေးသွားနိုင်ပါလိမ့်မယ်။ အခုအချိန်မှာတော့ ကျွန်တော်တို့က ဆုဖလားပြိုင်ပွဲသုံးရပ်မှာ ဆက်ရှိနေပြီး ဒါကပဲ ကျွန်တော့်ရဲ့စိတ်ထဲမှာရှိနေတဲ့ အဓိကရည်မှန်းချက်ဖြစ်ပါတယ်။ ဒီကဏ္ဍနဲ့ပတ်သက်လို့ ကျွန်တော့်မှာ အရမ်းကြီးကျယ်တဲ့အစီအစဉ်တွေ ရှိပါတယ်။ 

ကံမကောင်းစွာနဲ့ပဲ ကလပ်အသင်းနဲ့ ကျွန်တော့်အကြား ပုဂ္ဂိုလ်ရေးဆိုင်ရာပြောဆိုဆွေးနွေးမှုတွေအကြောင်းကို မပြောပြပေးနိုင်ပါဘူး။ ကျွန်တော်တို့အကြားမှာ ကာလအတန်ကြာ ပြောဆိုဆွေးနွေးခဲ့ပြီး အခုအချိန် ကျွန်တော်ပြောပြနိုင်တဲ့အရာတစ်ခုကတော့ ဒီကလပ်အသင်းကို ကျွန်တော် ချစ်တယ်ဆိုတာပါပဲ။ လက်ရှိအခြေအနေနဲ့ပတ်သက်လို့ ကျွန်တော် အရမ်းတည်တည်ငြိမ်ငြိမ်ရှိနေပါတယ်။ ကျွန်တော် တည်တည်ငြိမ်ငြိမ်ရှိနေသလို ပရိသတ်တွေလည်း တည်တည်ငြိမ်ငြိမ်ရှိနိုင်ပါတယ်။ သတင်းတွေထွက်လာရင် ကြားရပါလိမ့်မယ်။ အခုအချိန်ထိတော့ လာမယ့်ရာသီ၊ ဘယ်နေရာမှာ ကျွန်တော်ကစားရမလဲဆိုတာ လုံးဝမသိရသေးပါဘူး။ ဒါပေမယ့် နောက်တစ်ကြိမ်ထပ်ပြောပါရစေ၊ ဒီအပိုင်းနဲ့ပတ်သက်လို့ ကျွန်တော်ကတော့ အေးအေးဆေးဆေးပါပဲ”လို့ Sky Sports သတင်းဌာနဆီ ပြောပါတယ်။

ဗန်ဒိုက်နည်းတူ အာနိုးလ်၊ မိုဆာလက်တို့လည်း လီဗာပူးအသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးဖို့ နီးကပ်နေပါပြီ။ လီဗာပူးအသင်းဘက်ကတော့ လာမယ့်လတွေအတွင်း သူတို့ရဲ့ကြယ်ပွင့်ကစားသမားတွေကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ မဆုံးရှုံးရစေဖို့ ဆွေးနွေးမှုတွေ ဆက်လက်ပြုလုပ်သွားပါလိမ့်မယ်။ အာနိုးလ်နဲ့ ရီးရဲလ်မက်ဒရစ်တို့အကြား အပြောင်းအရွှေ့အတွက် ချိတ်ဆက်မှုတွေ ရှိခဲ့ဖူးသလို မိုဆာလက်ကိုယ်တိုင်လည်း အဆုံးသတ်မှာ ဆော်ဒီမြေဆီ ထွက်ခွာသွားနိုင်ပါတယ်။ ပရီးမီးယားလိဂ်နောက်ဆုံးသုံးပွဲမှာ တစ်ပွဲသာအနိုင်ရရှိထားတဲ့ မာဆေးဆိုဒ်ကလပ်အသင်းက ဒီည၊ အီတီဟတ်ကွင်းဆီ သွားရောက်ပြီး မန်စီးတီးနဲ့ ရင်ဆိုင်ကစားရပါမယ်။