ပြိုင်ဘက်တိုင်းက ကြောက်ရွံရတဲ့ တိုက်စစ်သမားဖြစ်လာအောင် ဆာလက် ဘယ်လို trainခဲ့သလဲ??
လီဗာပူးကြယ်ပွင့် မိုဟာမက်ဆာလက်ဟာ ဘောလုံးလောကမှာ ပြိုင်ဘက်တိုင်းက ကြောက်ရွံရတဲ့ အကောင်းဆုံးတောင်ပံကစားသမားတစ်ဦးလည်း ဖြစ်ပါတယ်။ အသက်၂၉နှစ်အရွယ် ကစားသမားဟာ ကြိုးကြာနီတွေရဲ့တိုက်စစ်ကို ဦးဆောင်ကစားပေးနေပြီး ယခုနှစ်ရဲ့ ဘော်လွန်းဒီအော်ဆုဆန်ခါတင်စာရင်းမှာလည်း ပါဝင်နေပါတယ်။ ယခုနှစ်ပရီးမီးယားလိဂ်မှာ ဆာလက်ဟာ ၁၀ဂိုးအထိ သွင်းယူထားပြီး နည်းပြဂျာဂင်ကလော့ပ်ရဲ့အသင်းမှာ အရေးပါတဲ့ ကြယ်ပွင့်တစ်ဦးအဖြစ် ရှိနေသည်။
ဒီလိုအောင်မြင်မှုတွေ ရအောင် ဆာလက်ဟာ အစ္စလာမ်ဘာသာဝင်တွေရဲ့ အစားအသောက်ဥပုသ်ကာလအတွင်းမှာတောင် မနက်၃နာရီထ လေ့ကျင်ရေးလုပ်ခြင်း၊အစားအသောက်များကို စည်းကမ်းတကျစားခြင်း၊ တောင့်တင်းကျစ်လစ်သော ခန္တာကိုယ်ပိုင်းအတွက် ပြင်းထန်သောလေ့ကျင်မှုတွေ လုပ်ခြင်းတွေ စတာတွေကို ဇွဲလုံလဝီရီယရှိစွာနဲ့ကြိုးစားခဲ့တာဖြစ်ပါတယ်။ နာမည်ကျော်ကစားသမား ရော်နယ်ဒိုကဲ့သို့ဆာလက်ဟာ အစားအသောကိကို အချိုးအစားမျှတစွာ စားသောက်တဲ့အတွက် ဘောလုံးမှာ တည်ငြိမ်သောခြေစွမ်းတွေကို ထိန်းသိမ်းထားနိုင်ခဲ့ပါတယ်။
မှန်ကန်စွာ စားသောက်ခြင်း
=========
နေ့စဉ်အစားအစာကလည်း အားကစားသမားတွေ အောင်မြင်ခြင်းတွင် အဓိကအခန်းကဏ္ဍကနေ ပါဝင်ပက်သက်နေပါတယ်။ CNN ကို ဆာလက်က သူရဲ့ နေ့စဉ်စားသောက်မှုပုံစံကို ပြောပြခဲ့ပါတယ်။
“အာဟာရဖြည့်တင်းတယ်ဆိုတာ အရေးကြီးပါတယ် အားကစားသမားတစ်ယောက်ရဲ့ အစိတ်အပိုင်းတစ်ခုပါ။ အစားအသောက်မျှတစွာစားခြင်းက ကျွန်တော့်ကို နလန်ပြန်ထူနိုင်အောင် ကူညီပေးပြီး အိပ်စက်အနားယူရတာ ပိုကောင်းသလို ခန္တာကိုယ်ကိုလည်း လိုက်လျောညီထွေမှု ဖြစ်စေပါတယ်။ ကျွန်တော့်ရဲ့ အစားအသောက်ပညာရှင်ပြောတာတော့ ခန္တာကိုယ်မှာ အဆီတွေ မရှိတဲ့အတွက် စားချင်ရာစားလို့ရတယ်တဲ့။ ကျွန်တော်က သောက်လည်းမသောက်တဲ့အတွက် အဆင်ပြေပါတယ်” ဟု ဆိုသည်။
ဆာလက်က မူစလင်တစ်ဦးဖြစ်တာနဲ့အညီ အစားအသောက်တွေကို ဂရုစိုက်တတ်သူဖြစ်ပါတယ်။ မနက်စာဆိုရင် သူဟာ ပလာတာနှင့်၊ နွားနိုတစ်ခွက်ကို သုံးဆောင်ပါတယ်။ မဝသေးဘူးဆိုရင် သူအနေနဲ့သစ်သီးဝလံတွေကို စားပါတယ်။ နေ့လည်စားစားချိန်မှာ ဆာလက်က ကယ်လိုရီများများပါတဲ့ အစာကိုစားပါတယ်။ ဒိန်ချဉ်တစ်ပွဲနဲ့အတူ အသီးအရွတ်တွေ၊ ပဲဟင်း၊ ပေါင်မုန့်၊ ကြက်သားတွေကို ရောစားပါတယ်။ ဆာလက်အကြိုက်ဆုံးအစားအစာက အီဂျစ်ဟင်းတစ်မျိုးဖြစ်တဲ့ Kushariလို့ခေါ်ပြီး ထမင်း၊ ချိစ်၊ ပဲနီ၊ ခရမ်းချဉ်သီး၊ ကလားပဲ၊ ကြက်သွန်နီတို့နဲ့ရောနယ်ထားတာ ဖြစ်ပါတယ်။
ကျွန်တော် အီဂျစ်ကို သွားတိုင်း လေဆိပ်က သူငယ်ချင်းကို ကားထဲမှာ စားဖို့Kushari ကို ဝယ်ခိုင်းပါတယ် ဟူဒီခေါင်းစွပ်ကို စွပ်လိုက်ပြီး ကားထဲဝင်လိုက်တာနဲ့ ချက်ချင်းကို ကျွန်တော်စားတော့တာဘဲ” ဟု ဆာလက်က ပြောပါတယ်။ ၎င်းရဲညစာကတော့ အများကြီးမပါဘဲ စွပ်ပြုတ်၊ ဆလတ်ရွတ်၊ ဟင်းသီးဟင်းရွတ်တွေကို ပိုစားသုံးပါတယ်။သကြားမပါတဲ့ သစ်သီးjuice တွေကိုလည်း အချိုပွဲအနေနဲ့စားပါတယ်။
Gym ကစားတာကို တစ်ကြိမ်မှ လွဲချော်လေ့မရှိတဲ့ ဆာလက်
==========
အောင်မြင်ဖို့အတွက် ဆာလက်တစ်ယောက် စိတ်ပိုင်းဖြတ်မှုထဲတွင် လေ့ကျင်ရေးကို အစဉ်မပြတ်လုပ်ဆောင်ဖို့လည်း ပါဝင်ပါတယ်။ အသင်းနဲ့အတူ လေ့ကျင်ရေးမဆင်းရင်တောင် ဆာလက်က weight training ၊ bodyweight workout၊ ပြေးခုန်ပစ် လေ့ကျင်ခန်း၊ယောဂ၊ ရေကူးခြင်း၊ အကြောလျော့ခြင်း စတာတွေကို လုပ်ပါတယ်။
“ပုံမှန်အားဖြင့် မနက်အစောပိုင်းရော နေ့လည်ပိုင်းရော ကျွန်တော် လေ့ကျင်ရေးအတွက် စောစောထလေ့ရှိတယ်။ နောက်တော့ recovery အတွက် ၂နာရီလောက် ပြန်လုပ်တယ်။ မည်သည့်ဒဏ်ရာအတွက်ကိုမဆို ကုထုံး သို့မဟုတ် နှိပ်နယ်ပေးခြင်းက သင့်ခန္တာကိုယ်မှာ ခံစားရတဲ့ ဝေဒနာတွေကို သက်သာစေပါတယ်။
အဲဒီပြီးရင်တော့ ကစားသမားတွေအတွက် သီးသန့်လုပ်ထားပေးတဲ့ အသင်းရဲ့ ဂျင်ကိုသွားတယ် လေ့ကျင်ပြီးရင် အကြောလျော့တယ် recovery ပြန်လုပ်တယ် နောက်ဆုံး ကျွန်တော် ကလပ်ရှိ ရေကူးကန်သွားတာ ဒါမှမဟုတ် အိမ်မှာ သမီး မတ်မာနဲ့သွားတွေ့တာ လုပ်တယ် ကျွန်တော့်ရဲ့ လုပ်ဆောင်ချက်တွေအားလုံးက ည၇နာရီ ၈နာရီအတွင်းမှာ ပြီးပါတယ်” ဟု ပြောပါတယ်။ အလားတူ ဆာလက်ဟာ ဥပုသ်ကာလအတွင်းမှာတောင် နေ့ဘက်အစာရှောင်ပြီး မနက်ကို ၃နာရီထကာ အိမ်မှာတင် ကြွက်သားမာဆယ်တွေ မလျော့သွားဖို့လေ့ကျင်ရေးလုပ်ပါတယ်။
အံ့အားသင့်စရာ ကျစ်လစ်သန်မာသော ခန္တာကိုယ်အားပြောင်းလဲနိုင်မှု
============
ချဲလ်ဆီးမှာ ရှိတုန်းက ဆာလက်ဟာ ပိန်ညှောင်ညှောင်လေးနဲ့ ကောင်လေးတစ်ယောက်ဖြစ်ခဲ့ပါတယ်။ ဖီအိုရင်တီးနားမှာ အငှားနဲ့သွားကစားပြီး သူရဲ့ခြေစွမ်းကို ပြန်ရှာတွေ့တဲ့အထိတိုင်အောင် ခန္တာကိုယ်က နဂိုအတိုင်းဘဲရှိခဲ့ပြီး ရိုးမားရောက်သည့်အထိ ဆာလက်ရဲ့ လေ့ကျင်မှုက အားနည်းခဲ့ပါတယ်။
ဘယ်လိုဘဲဖြစ်ဖြစ် diet plan နဲ့လေ့ကျင်ရေးကို ဂရုတစိုက်လုပ်ဆောင်ပြီးနောက်မှာ ဆာလက်ရဲ့ ဘော်ဒီက မြင်ရသူအပေါင်း အားကျရတဲ့ ခန္တာကိုယ်ဖြစ်လာပါတယ်။ ဒီကနေ့မှာ လီဗာပူးအတွက် ဂိုးသွင်းအပြီး အောင်ပွဲခံလိုက်တိုင်း ဆာလက်က သူရဲ့ တောင့်တင်းကျစ်လစ်သော ကြွက်သားအဖုအထစ်တွေထနေတဲ့ ခန္တာကိုယ်ကို လှစ်ဟပြလေ့ရှိပါတယ်။ သူရဲ့ ကျစ်လစ်လှတဲ့ ခန္တာကိုယ်ပုံရိပ်တွေဟာ အင်စတာဂရမ်အကောင့်အပါအဝင် လူမူကွန်ယက်တွေမှာ မကြာခဏပျံ့နှံလာလေ့ရှိနေပြီ ဖြစ်ပါတယ်။
ဆာလက်ရဲ့ နေ့စဉ်စားသောက်မှုပုံစံ အကျဉ်းချုပ်
=======
မနက်စာ - ပလာတာတစ်ချပ်၊ နွားနို့တစ်ခွက်၊ သစ်သီးပန်းကန်
နေ့လည်စာ - ဒိန်ချဉ်တစ်ခွက်၊ ပဲဟင်း၊ ဟင်းသီးဟင်းရွတ်၊ပေါင်မုန့်၊ ကြက်သား
ညစာ - ဟင်းချို၊ ဆလတ်ရွတ်၊ ဟင်းသီးဟင်းရွတ်၊ အီဂျစ်အစားအစာ Kushari
ညနေ snack - သကြားမပါတဲ့ သစ်သီးဂျူ့စ်