စပိန်အသင်းကို သမိုင်းတစ်ခုဖန်တီးစေလိုတဲ့ ဒီလာဖွန်တေ
စပိန်လက်ရွေးစင်နည်းပြ လူးဝစ်ဒီလာဖွန်တေက အင်္ဂလန်နဲ့ယှဉ်ပြိုင်သွားရမယ့် ၂၀၂၄ ယူရိုဗိုလ်လုပွဲမှာ သူ့ရဲ့အသင်းအနေနဲ့ သမိုင်းတစ်ခုကို ဖန်တီးစေလိုတယ်လို့ ပြောကြားလာခဲ့ပါတယ်။
စပိန်အသင်းဟာ အင်္ဂလန်ကိုအနိုင်ရပြီး ဗိုလ်စွဲနိုင်ခဲ့မယ်ဆိုရင် ယူရိုသမိုင်းတစ်လျှောက် ဆုဖလား ၄ ကြိမ်နဲ့ အအောင်မြင်ဆုံးအသင်းအဖြစ် သမိုင်းတွင်နိုင်မှာဖြစ်ပါတယ်။
စပိန်အသင်းဟာ လက်ရှိယူရိုပြိုင်ပွဲအတွက် ၆ ပွဲကစားထားရာမှာ ၆ ပွဲစလုံးအနိုင်ရရှိထားပြီး ၁၃ ဂိုးအထိသွင်းယူထားနိုင်တာကြောင့် အကောင်းဆုံးအသင်းအဖြစ် သတ်မှတ်ခံထားရတာလည်းဖြစ်ပါတယ်။ ဒါ့အပြင် စပိန်ဟာ ပြိုင်ပွဲတစ်လျှောက် ခက်ခဲတဲ့ပွဲစဉ်တွေဖြစ်တဲ့ ဂျာမနီ၊ အီတလီနဲ့ ပြင်သစ်တို့ကိုလည်း ပြတ်ပြတ်သားသားကျော်ဖြတ်ခဲ့တာဖြစ်ပါတယ်။
ယူရိုဖလားကို စပိန်ယူ-၁၉ ၊ယူ-၂၁ အသင်းတွေနဲ့ဆွတ်ခူးထားနိုင်တဲ့ဖူရန်တီဟာ ယခုအခါမှာတော့ လက်ရွေးစင်အသင်းနဲ့ပါ အောင်မြင်မှုရရှိဖို့ အခွင့်အရေးကောင်းကိုပိုင်ဆိုင်ထားပြီဖြစ်ပါတယ်။
ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာတော့ အသက်-၆၃ နှစ်အရွယ်နည်းပြက "ကျွန်တော်တို့ ၂ သင်းဟာ လက်ရှိယူရိုပြိုင်ပွဲမှာ အကောင်းဆုံးအသင်း ၂ သင်းဖြစ်တာကြောင့် ပြိုင်ပွဲက ပြိုင်ဆိုင်မှုပြင်းထန်မယ်လို့ မျှော်လင့်ပါတယ်။ ၂ သင်းစလုံးကလည်း ခြေရည်တူတာကြောင့် မျှတတဲ့ပွဲတစ်ပွဲကို မြင်တွေ့ရမယ်လို့ ယုံကြည်ပါတယ်။ အခုက ဗိုလ်လုပွဲဆိုတော့ အသေးစိတ်ကျတဲ့ အချက်အလက်သေးသေးလေးတွေကပဲ ပွဲကိုအဆုံးအဖြတ်ပေးသွားနိုင်မှာဖြစ်ပါတယ်"
"ကျွန်တော်တို့ရဲ့ ကစားသမားအများစုက ဒီလိုပွဲတွေမှာ အတွေ့အကြုံရှိကြတာကြောင့် စိတ်တည်တည်ငြိမ်ငြိမ်နဲ့ပဲ ပွဲကိုချဉ်းကပ်သွားမှာပါ။ ယူရိုဗိုလ်လုပွဲကိုရောက်တယ်ဆိုတာ ဘောလုံးသမိုင်းမှာတော့ မှတ်တိုင်တစ်ခုပါ။ လက်ရှိကျွန်တော်တို့စပိန်ရဲ့ ဘောလုံးမျိုးဆက်က အတော်လေးထက်မြက်တဲ့ ဘောလုံးမျိုးဆက်တစ်ခုပါ။ ကစားသမားအများစုက အောင်မြင်တဲ့ လူငယ်ကစားသမားဘဝကို ဖြတ်ကျော်ခဲ့ပြီးသားပါ"
" ကျွန်တော်တို့အနေနဲ့ ဗိုလ်လုပွဲကိုရောက်ခဲ့ပြီဖြစ်လို့ သမိုင်းဝင်နေပြီဖြစ်ပေမယ့် ဆုဖလားကိုရယူပြီး သမိုင်းဝင်အောင်ပွဲကို ရယူသွားလိုပါတယ်။ အသင်းမှာ အနာဂတ်ကောင်းရှိနေသလို ပစ္စုပ္ပန်ကောင်းကိုလည်း ပိုင်ဆိုင်ထားပါတယ်" လို့ပြောကြားခဲ့ပါတယ်။