
အသင်းမှာဆက်နေစေချင်တဲ့အတွက် အန်ဆယ်လော့တီက ကျွန်တော့်ကို စိတ်ဆိုးနေခဲ့တယ်လို့ ပြောကြားလိုက်တဲ့ ဟိုဆေးလူ
တစ်ရာသီအတွင်း ခြေစွမ်းပြသူများစာရင်းတွင် ရီးရဲလ်မက်ဒရစ်က ဟိုဆေးလူလောက် အောင်မြင်သူ မရှိသလောက်နည်းပါးပါတယ်။ ၂၀၂၃ ခုနှစ် နွေရာသီတွင် သူဟာ အက်စ်ပန်ညိုမှ တစ်ရာသီအငှားဖြင့် ရောက်ရှိလာခဲ့ပြီး ထိုအချိန်တွင် ဘင်ဇီးမား ထွက်ခွာပြီးနောက် တိုက်စစ်မှူးအဖြစ် ရောက်ရှိလာသူဖြစ်သည့်အတွက် အဆိုပါခေါ်ယူမှုကို မေးခွန်းထုတ်ခဲ့ကြပါတယ်။
သို့သော် ဟိုဆေးလူဟာ ရီးရဲလ်မက်ဒရစ်တွင် ကြီးမားတဲ့ သက်ရောက်မှုရှိခဲ့ပါတယ်။ သူဟာ ပြိုင်ပွဲစုံ ၄၉ ပွဲတွင် ၁၈ ဂိုးသွင်းယူခဲ့ပြီး ရီးရဲလ်ရဲ့ လာလီဂါ နှင့် ချန်ပီယံလိဂ်ဆုဖလားများ ရရှိမှုတွင် သူ့ရဲ့အခန်းကဏ္ဍမှာ ကြီးမားခဲ့ပါတယ်။ ရီးရဲလ်မက်ဒရစ်ဟာ ဟိုဆေးလူကို ယူရို ၁.၅ သန်းဖြင့် ဝယ်ယူရန် ရွေးချယ်စရာရှိခဲ့သော်လည်း သူ့ရဲ့ဆန္ဒမှာ ကာတာသို့ ပြောင်းရွှေ့ရန်ဖြစ်ပြီး နောက်ဆုံးတွင် အယ်လ်ဂါရာဖာသို့ ရောက်ရှိခဲ့ပါတယ်။ အင်တာဗျူးတွင် သူက ထိုဆုံးဖြတ်ချက်နှင့်ပတ်သက်ပြီး ထိုအချိန်က သူ့ရဲ့ဆက်ဆံရေးများကို ပြောကြားခဲ့ပါတယ်။
"ရီးရဲလ်မက်ဒရစ်ကို နှုတ်ဆက်ရတာက ကျွန်တော့်ဘဝရဲ့ အခက်ခဲဆုံးအချိန်တွေထဲက တစ်ခုပါ။ ကျွန်တော်က ဒီဆုံးဖြတ်ချက်ကို နှလုံးသားနဲ့ မချနိုင်ခဲ့ပါဘူး ဘာလို့လဲဆိုတော့ ကျွန်တော်က ဒီကလပ်မှာ တစ်သက်လုံးနေချင်ပါတယ် အဲဒါကို စဉ်းစားရင် အရေပြားပါ ထောင်သွားပါတယ်။ ကျွန်တော့်မိသားစု ကျွန်တော့်ကလေးတွေအတွက် စဉ်းစားမိတော့ ရေရှည်မှာ အပြုသဘောဆောင်တယ်လို့ ထင်ပါတယ်။ ဒါပေမယ့် အဲဒီအချိန်မှာတော့ အပျက်သဘောဆန်ခဲ့ပါတယ်"
"ကျွန်တော်ထွက်ဖို့ ဆုံးဖြတ်လိုက်တဲ့အခါ ကျွန်တော့်ဇနီးနဲ့ စကားပြောဖို့ မတတ်နိုင်ခဲ့ပါဘူး။ ဗက်ကွက်ဇ်က ကျွန်တော့်ကို ဖုန်းခေါ်တယ် သူနဲ့လည်း စကားပြောဖို့ မလုပ်နိုင်ခဲ့ပါဘူး မိုဒရစ်နဲ့လည်း စကားမပြောခဲ့ပါဘူး။ ကျွန်တော် စကားလုံးတွေ မရှာတတ်ခဲ့ပါဘူး။ အန်ဆယ်လော့တီကို ပြောဖို့က ပိုခက်ခဲပါတယ် ဘာလို့လဲဆိုတော့ သူက ကျွန်တော့်ကို အသင်းမှာ ဆက်နေစေချင်လို့ စိတ်ဆိုးနေပါတယ်" လို့ ဟိုဆေးလူက ပြောပါတယ်။
ဟိုဆေးလူဟာ ရီးရဲလ်မက်ဒရစ် မှ ထွက်ခွာပြီးနောက် စိတ်ဓာတ်တက်ကြွရန်အတွက် အချိန်ပိုယူခဲ့ရကြောင်း ဝန်ခံခဲ့ပါတယ်။
"ကျွန်တော်က ၅ မိနစ်လောက် ကစားပြီး ဆက်နေချင်ပါတယ်။ ကာတာက ပထမလနှစ်လအတွင်း ကျွန်တော့်စိတ်က ရီးရဲလ်မက်ဒရစ်မှာပဲ ရှိနေသေးတာပါ။ သူတို့ပထမပွဲကို သရေကျတာကို မှတ်မိပါသေးတယ်။ တွစ်တာမှာ ကျွန်တော် ရှိနေခဲ့ပြီး လူတွေက ကျွန်တော့်ကို မှတ်မိနေတုန်းပါပဲ" လို့ တိုက်စစ်မှူးက ပြောပါတယ်။