
အိုဒီဂတ်ရဲ့ညွှန်ကြားချက်ကို လျစ်လျူရှုပြီး ဆာကာရဲ့အကြံကို လက်ခံဖြစ်ခဲ့ပုံအကြောင်း ရှင်းပြလိုက်တဲ့ ဒီကလန်ရိုက်စ်
အမ်းမရိတ်စ်ကွင်းအတွင်း ရီးရဲလ်မက်ဒရစ်ကို ဂိုးပြတ်အနိုင်ယူခဲ့တဲ့ပွဲစဉ်အတွင်း အံ့အားသင့်လောက်စရာ ဖရီးကတ်သွင်းဂိုးနှစ်ဂိုး ရယူနိုင်ခဲ့ပြီးနောက် ရွှင်မြူးတက်ကြွနေတဲ့ ဒီကလန်ရိုက်စ်က ကမ္ဘာ့အကောင်းဆုံးခံစားချက်တစ်ခုပါပဲလို့ ပြောခဲ့ပါတယ်။ အခုချန်ပီယံလိဂ်ကွာတားဖိုင်နယ်ပထမအကျော့ပွဲစဉ်ရဲ့ ပထမပိုင်းပွဲချိန်အပြီး ဂိုးမရှိသရေရလဒ် ထွက်ပေါ်ခဲ့ပေမယ့် ပွဲချိန် ၅၈ မိနစ်မှာတော့ ဒီကလန်ရိုက်စ်က ပြိုင်ဘက်ခံစစ်တံတိုင်းနဲ့ ဂိုးသမားကော်တိုရစ်တို့ကို လှည့်ဖျားကာ ဖရီးကစ်ဝေ့ဝိုက်ကန်ချက်ဖြင့် ဦးဆောင်ဂိုးသွင်းယူခဲ့ပါတယ်။
နောက်ထပ် ၁၂ မိနစ်အကြာမှာလည်း အင်္ဂလန်လက်ရွေးစင်ကွင်းလယ်လူက နောက်ထပ်ဖရီးကစ်တစ်ကြိမ်ကို ပြိုင်ဘက်ဂိုးပေါက်ရဲ့ညာအပေါ်ထောင့်ဆီ အပြင်းကန်ကာ နောက်ထပ်တစ်ဂိုးသွင်းယူခဲ့ပြန်ပါတယ်။ ဒီကလန်ရိုက်စ်က ကစားသမားသက်တမ်းတလျှောက် ပွဲ ၃၅၀ နီးပါး ကစားခဲ့ဖူးပေမယ့် ဖရီးကစ်သွင်းဂိုး မရရှိခဲ့ဖူးပါဘူး။
နောက်ပိုင်းမှာလည်း မီရီနိုက ဂန်းနားတွေအတွက် တတိယမြောက်ဂိုး သွင်းယူပေးခဲ့လို့ လာမယ့်သီတင်းပတ်၊ ဘာနေဗျူးကွင်းဒုတိယအကျော့ပွဲစဉ်မတိုင်ခင် သုံးဂိုးအသာဆိုတဲ့ အားသာချက်ကို ဖန်တီးနိုင်ခဲ့ပါတယ်။ မြောက်လန်ဒန်သားတွေက အခုအဆင့်ကိုကျော်ဖြတ်နိုင်မယ်ဆိုရင် ၂၀၀၉ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်အဆင့်ဆီ တက်ရောက်နိုင်ဖို့ရှိနေပြီး အခုဘောလုံးရာသီအတွက် လက်တွေ့ကျတဲ့မျှော်လင့်ချက်ဖြစ်တဲ့ ဆုဖလားအောင်ပွဲတစ်ခုကို အသက်သွင်းနိုင်ဖို့ နီးစပ်လာပါလိမ့်မယ်။
ဒီကလန်ရိုက်စ်က “ ဒါကို အပြည့်အဝနားလည်သဘောပေါက်သွားပြီလားဆိုတာ ကျွန်တော်လည်း မသိသေးပါဘူး။ ယုံကြည်မှုအပြည့်နဲ့ကန်သွင်းခဲ့တဲ့ ဖရီးကစ်နှစ်ကြိမ်လုံးကို ကျွန်တော် သဘောကျပါတယ်။ ကျွန်တော့်မှာ ပြောစရာစကားတောင် ရှားပါးသွားပါပြီ။ ကမ္ဘာ့အကောင်းဆုံးခံစားချက်တွေအနက် တစ်ခုဖြစ်ပါတယ်”လို့ ပြောပါတယ်။ ဗွေဆော်ဦးဖရီးကစ်သွင်းဂိုးနဲ့ပတ်သက်လို့ သူက “ အိုဒီဂတ်ကိုယ်တိုင်က ဖြတ်တင်ဘောကန်တင်ပေးဖို့ပဲ ပြောနေခဲ့ပါတယ်။ ကျွန်တော်က အဲ့ဒါအဓိပ္ပါယ်မရှိဘူးလို့ ပြန်ပြောပြီး တိုက်ရိုက်ကန်သွင်းလိုက်ပါတယ်။ ဒါမျိုးကန်နိုင်ဖို့ ကျွန်တော်တို့ အချိန်တိုင်းလေ့ကျင့်နေခဲ့ပါတယ်။ တည်ကန်ဘောနည်းပြဂျိုဗာကတော့ ဖြတ်တင်ဘောပေးဖို့ပဲ ပြောနေပါတယ်။ အဲ့ဒါ အဓိပ္ပါယ်မရှိပါဘူး။
ဆာကာကတော့ ‘ကိုယ့်လူ.. ကန်နိုင်မယ်လို့ယူဆရင် ကန်သာကန်’လို့ အားပေးပါတယ်။ ပြိုင်ဘက်လူတံတိုင်းနဲ့ ဂိုးသမားကို ကြည့်လိုက်တော့ ငါတော့ ဝေ့ဝိုက်ကန်သွင်းလို့ ရနိုင်တယ်လို့ ပြောခဲ့ပါတယ်။ အဖြစ်အပျက်ကတော့ ဒါပါပဲ”လို့ ရှင်းပြပါတယ်။ ဆက်လက်ပြီး ဒုတိယမြောက်ဖရီးကစ်သွင်းဂိုးနဲ့ပတ်သက်လို့ ဒီကလန်ရိုက်စ်က “ ဒီတစ်ကြိမ်မှာတော့ အရမ်းကို ထူးခြားလွန်းပါတယ်။ အစစ်အမှန်လို့တောင် မထင်မိပါဘူး။ ကျွန်တော်တို့ ဖရီးကစ်ကန်ဖို့ ဘောလုံးတည်လိုက်ချိန်မှာပဲ အမ်ဘာပေနဲ့ ဂိုးပေါက် အရမ်းနီးကပ်လွန်းနေပြီဆိုတာ နားလည်သွားခဲ့ပါတယ်။
အမ်ဘာပေက အလယ်နားမှာရှိနေခဲ့ပြီး ကျွန်တော်က အဲ့ဒီအတိုင်းကန်သွင်းလိုက်ရုံပါပဲ။ ကျွန်တော်ကိုယ်တိုင်လည်း ဒါမျိုးကန်သွင်းဖို့ အများကြီးလေ့ကျင့်ခဲ့ပါတယ်။ ဗွေဆော်ဦးဂိုးသွင်းယူပြီးနောက် ကျွန်တော့်မှာ ယုံကြည်မှုရှိလာပြီး ဆုံးရှုံးနိုင်စရာ ဘာမှမရှိတော့ပါဘူး။ ဒါမျိုးနှစ်ဂိုးတောင်သွင်းယူနိုင်လိမ့်မယ်လို့ ကျွန်တော် မထင်ထားခဲ့ပါဘူး”လို့ ပြောပါတယ်။ အင်္ဂလန်လက်ရွေးစင်ကစားသမားက လာမယ့်သီတင်းပတ်မှာလည်း အခုလိုပုံစံမျိုးနဲ့ စပိန်ဘီလူးကြီးကို တိုက်ခိုက်သွားဖို့ မျက်စိကျနေပါတယ်။
ဒီကလန်ရိုက်စ်က “ ကျွန်တော်တို့ ခံစစ်ပိတ်ကစားသွားမှာ မဟုတ်ဘူး။ ကျွန်တော်တို့ တိုက်စစ်ဖွင့်ကစားပြီး ဆီမီးဖိုင်နယ်အဆင့်ဆီ တက်လှမ်းသွားချင်ပါတယ်။ ကျွန်တော်တို့တွေ ဒီပြိုင်ပွဲကြီးမှာ ဗိုလ်စွဲသွားချင်တယ်။ ဒါပေမယ့် ကျွန်တော်တို့အတွက် ဒီအဆင့်မှာ ဒုတိယအကျော့ပွဲစဉ်ကစားရဖို့ ရှိနေပါသေးတယ်”လို့ ပြောပါတယ်။
ဆက်လက်ပြီး အာတီတာကလည်း ဒီကလန်ရိုက်စ်ရဲ့ခြေစွမ်းကို ချီးကျူးဂုဏ်ပြုခဲ့ပြီး အခုထက်ပိုမိုတဲ့စွမ်းဆောင်ရည်မျိုးကို ပြသကြဖို့ အာဆင်နယ်ကစားသမားတွေဆီ သတိပေးခဲ့ပါတယ်။ သူက “ ဒီကလန်ရိုက်စ်က ကစားသမားသက်တမ်းတလျှောက် ဖရီးကစ်ဂိုး မသွင်းနိုင်ခဲ့ပါဘူး။ ကျွန်တော်တို့အသင်းကိုယ်တိုင်လည်း ၂၀၂၁ ခုနှစ်၊ ဘန်လေနဲ့ပွဲစဉ်နောက်ပိုင်း တိုက်ရိုက်ဖရီးကစ်သွင်းဂိုး မရရှိခဲ့ပါဘူး။ ဒီလိုသွင်းယူနိုင်လိမ့်မယ်လို့ ဘယ်သူတွေ ထင်ထားခဲ့သလဲ?
ဒါက တစ်ဦးချင်းစွမ်းဆောင်ရည်ကောင်းတွေ ပြသခဲ့တဲ့ အခိုက်အတန့်နှစ်ခု ဖြစ်ပါတယ်။ လာမယ့်သီတင်းပတ်မှာလည်း အခုလိုမျိုးလုပ်ပြသွားနိုင်ဖို့ လိုအပ်ပါတယ်။ ကျွန်တော်တို့က ပြိုင်ပွဲရဲ့လမ်းတစ်ဝက်မှာပဲ ရှိနေပါသေးတယ်။ ကစားသမားတွေအတွက်တော့ မှော်ဝင်အခိုက်အတန့်တွေပေါ့။ ကျွန်တော်တို့ အများကြီးပေးဆပ်သွားရပါဦးမယ်”လို့ ပြောပါတယ်။